ဘားအံ - နိုဝင်ဘာ (၁၂)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ် ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဘားအံတက္ကသိုလ်အနီး စိန်ပန်းပြာလမ်းနှင့်စိန်ပန်းနီလမ်း ထောင့် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက် လျက်ရှိသော ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ) RC(၆)ထပ် အဆောက်အဦတည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ အဆောက် အဦဦးစီးဌာနမှ တာဝန်ရှိသူများက အဆောက်အဦတစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမှု၊ ဧည့်ရိပ်သာနှင့် ဆက်စပ်သော (၅၆ပေx၅၀ပေ)RC (၂)ခန်းတွဲ(၄)ထပ်အဆောက်အဦတည်ဆောက်ခြင်း ၇၀ ရာခိုင်နှုန်းပြီးစီးမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆောက်အဦအထူးအဖွဲ့ (၁၃)၏ ကရင်ပြည်နယ် ဧည့်ရိပ်သာ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့်(၂)ခန်းတွဲ(၄)ထပ်အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းခွင်တို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

            ယင်းနောက် အဆိုပါအဆောက်အဦများအနီးရှိ ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန(၂၀၂၄- ၂၀၂၅)ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့်တည်ဆောက်သော Youth Centre(လူငယ်စင်တာ)(၁၄၀ပေx၈၀ပေ)RC သုံးထပ်အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ယူတည်ဆောက် သည့်ကုမ္ပဏီမှ ၅၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ တည်ဆောက်ရေးလုပ်ငန်းခွင်အားလိုက်လံကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အကွက်အမှတ်(၉၀၅)၊ ဈေးဟောင်းအကွက်၌ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ခုနှစ် ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သော ၃ ခန်းတွဲ (၅)ထပ် ပြည်သူ့အငှါးအိမ်ရာတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ အဆောက်အဦ ၇၀ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမှုအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ဘားအံပြည်သူ့ဆေးရုံကြီး၊ (၆)ခန်းတွဲ(၄)ထပ် RC အဆောက်အဦဆောက်လုပ် ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ အဆောက်အဦဦးစီးဌာနမှ တာဝန်ရှိသူများက တည်ဆောက် ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ အဆိုပါ အဆောက်အဦ ၇၅ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့သားဖွားသင်တန်းကျောင်း၌ အုတ်တံတိုင်း တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လာမည့်ဘဏ္ဍာနှစ်တွင်တည်ဆောက်မည့်အဆောက်အဦးမြေနေရာ၊ ပုံစံ ဒီဇိုင်းများရေးဆွဲ၍ master plan ဖြင့်ပြန်လည်တင်ပြရန် တာဝန်ရှိသူများအား မှာကြားသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်တာဝန်ရှိသူများသည် နေ့လည်ပိုင်းက ဘားအံပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(B.Ed)(၄/၂၃)စာပေး စာယူသင်တန်းတက်ရောက်နေသော ဆရာ၊ဆရာမများနှင့်အထူးနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

            အဆိုပါသင်တန်းသို့ ဆရာ၊ဆရာမ ၂၉၃ ဦးတက်ရောက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးလောက တွင်မရှိမဖြစ်လိုအပ်သော  အရည်အချင်းပြည့်ဝသည့်ဆရာ၊ဆရာမများအပေါ် အသိအမှတ်ပြု၊ တန်ဖိုးထားသောအား ဖြင့် ယခုကဲ့သို့ အထူးနေ့လည်စာကို အတူတကွလာရောက်သုံးဆောင်ခြင်းဖြစ်ကြောင်း၊ သင်တန်းမှထပ်မံရရှိသည့် ခေတ်မီသင်ကြားနည်းစနစ်များကိုအသုံးပြုပြီး မိမိတို့တာဝန်ကျရာဒေသများတွင် ကျောင်းသား၊ကျောင်းသူများအား ထူးချွန်ထက်မြတ်သော နိုင်ငံ့သားကောင်းများဖြစ်အောင်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများဖြစ်အောင် ပြုစုပျိုး ထောင်ပေးကြစေလိုကြောင်း အမှာစကားပြောကြား၍ အထူးနေ့လည်စာအတွက် ငွေကျပ် ၁၁ သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် B.Ed သင်တန်းသား၊သင်တန်းသူ၊ဆရာ၊ဆရာများ၊ ဘားအံ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ တွဲဘက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက၊ နည်းပြဆရာ/ဆရာမများနှင့်အတူ အထူးနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ထိုသို့နေ့လည်စာ သုံးဆောင်နေမှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍အားပေးစကားများပြောကြားခဲ့ကာ လိုအပ်သည်များမှာကြာခဲ့ပါသည်။