ဘားအံ - နိုဝင်ဘာ (၉)
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲကို နိုဝင်ဘာလ(၅)ရက်နေ့မှစ၍ ဒုံးအဖွဲ့ ပေါင်း(၁၉)ဖွဲ့ဖြင့် ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ ညစဉ်ကပြဖျော်ဖြေယှဉ်ပြိုင်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဒုံးအကပြိုင်ပွဲ စတုတ္ထညအနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ညခင်းပိုင်းက ပိုင်ကျုံတိုက်နယ်ကိုယ်စားပြုစုပေါင်း ဒုံးအဖွဲ့၊ BGF အမှတ်(၁)စစ်ဒေသရုံးကိုယ်စားပြုဒုံးအဖွဲ့၊ မိဇံတိုက်နယ်စုပေါင်းဒုံးအဖွဲ့၊ မြဝတီမြို့နယ်စုပေါင်းဒုံးအဖွဲ့၊ မြို့တော်စုပေါင်းဒုံးအဖွဲ့၊ အိန္ဒုတိုက်နယ်ကိုယ်စားပြုလွန်းညဒုံးအဖွဲ့၊ ရသေ့ပျံကျေးရွာစုပေါင်းဒုံးအဖွဲ့၊ ကော့ကရိတ် မြို့နယ်စုပေါင်းဒုံးအဖွဲ့၊ ဒုံရင်းတိုက်နယ်ကိုယ်စားပြုလှိုင်ကမ္ဘာကျေးရွာဒုံးအဖွဲ့၊ ကော့ပရံဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဒုံးအဖွဲ့တို့က ဖားစည်၊ ကျွဲချို၊ အိုးစည်၊ ဘင်၊ နှဲ၊ မောင်း၊ စည်းဝါး၊ လင်ကွင်းတို့ကို တီးမှုတ်၍ ကရင်တိုင်းရင်းသားတို့၏ လူနေမှုဘဝများ၊ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ခေတ်ကာလအတွင်းကြုံတွေ့ရသည့် အခြေအနေများကို ရေးစပ်သီကုံးထားသည့် ကရင်တေးသီချင်းများကို သံပြိုင်သီဆို၍ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ရပ်နီးရပ်ဝေးဒေသအသီးသီးမှတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီး ဒုံးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယနေ့ညသည် မိုးတိမ်ကင်းစင်၍ ရာသီဥတုသာယာသည်နှင့်အမျှ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပသော ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို လာရောက်ကြည့်ရှုအားပေးကြသူများ၊ အထူးကြားပွဲ၊ ရိုးရာအောင်လံလုပွဲနှင့် စာချုပ်စိန်ခေါ်ပွဲများပါဝင်သော ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာရောက်ကြည့်ရှု အားပေးကြသူများ၊ အကအလှများပါဝင်သောကရင်မြန်မာဇာတ်သဘင်ပွဲ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အသေးစား၊အလတ်စားနှင့်အငယ်စားစက်မှုလုပ်မှုလုပ်ငန်း (MSMEs) လုပ်ငန်းရှင်များခင်းကျင်းပြသသည့် အသိပညာပေးနှင့်ထုတ်ကုန်အရောင်းပြခန်းများတွင် လာရောက်လေ့လာကြည့်ရှု ဝယ်ယူကြသူများ၊ အဝတ်အထည်၊ လူသုံးကုန်ကုန်ပစ္စည်းများ၊ ဒေသအစားအစာများနှင့် မုန့်ဈေးတန်းများ၊ ပျော်ပွဲ ရွှင်ပွဲများ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေလည်ပတ်စားသုံးကြသူများ ပြည်တွင်းခရီးသွားဧည့်သည်များ ဖြင့် အထူးစည်ကားလျက်ရှပါသည်။