ဘားအံ - အောက်တိုဘာ (၂၁)

            ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့ ကြီးမှူးကျင်းပသော ဓမ္မစကူးလ် ဖောင်ဒေးရှင်း(၁၃၆၁)ကြိမ်မြောက် မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းနှင့် (၇၇)ကြိမ်မြောက် သူငယ်တန်း (KG)အဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဆေးဝင်္ကဘာကျောင်းတိုက်၌ ကျင်းပသည်။

            ဦးစွာ သင်တန်းဆင်းပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ခေမာရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသောပါက က ဩဝါဒကထာချီးမြှင့် တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြကာ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဓမ္မစကူးလ်ကော်မတီသို့ အလှူငွေကျပ်သိန်း(၃၀)ကို ပေးအပ်လှူဒါန်းပြီး သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်းက သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်သည်။

            ယင်းနောက် ကရင်ပြည်နယ်၊ ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် သရက်တော ကျောင်းတိုက်ဆရာတော် အရှင်ဂမ္ဘီရဗောဓိက သင်တန်းဆင်းဩဝါဒကထာကိုမြွတ်ကြားပြီး ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကာ ယနေ့သင်တန်းဆင်းပွဲတွင် မူလတန်းအဆင့် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်း၌ ၂၃ ဦး၊ သူငယ်တန်း(KG)အဆင့်ဆရာဖြစ်သင်တန်း၌ ၁၅ ဦးသင်တန်းဆင်းခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ B.Ed(၄/၂၃)ဒုတိယနှစ် (စာပေးစာယူ)သင်တန်းဖွင့်ပွဲကို မွန်းလွဲ(၂)နာရီက အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူ ၂၉၃ ဦးအတွက် ငွေကျပ် ၅၈၆၀၀၀ဝိ/-(ငါးဆယ့် ရှစ်သိန်းခြောက်သောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမြင့်က သင်တန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် သင်တန်းသား၊သင်တန်းသူများက တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။

            ယနေ့ဖွင့်လှစ်သည့် ပညာရေးဘွဲ့ B.Ed ဒုတိယနှစ် စာပေးစာယူသင်တန်းကို အခြေခံပညာဦးစီးဌာနရှိ ကျောင်းများတွင် လိုအပ်လျှက်ရှိသော အရည်အသွေးပြည့်ဝသည့် အထက်တန်းပြဆရာ/ဆရာမများ ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေး သဘောတရား၊ ပညာရေးစိတ်ပညာ၊ English language Proficiency(ELP)၊ အထူးပြုဘာသာရပ်များ၏သင်ပြနည်း နှင့်တတ်ကျွမ်းမှုဘာသာရပ်များကို တစ်လခွဲကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

            ဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီး နှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။