ဘားအံ - စက်တင်ဘာ (၂၁)
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်း နှင့်အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ဘားအံ-ထုံး အိုင်ကားလမ်းမကြီးတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဌာနဆိုင်ရာများရှိ ယာဉ်၊ယန္တရားများနှင့်စက်ကိရိယာများအသုံးပြုပြီး ရေကြီးရေလျှံမှုဖြစ်ပွားပြီးချိန်၊ ရေများပြန်လည် ကျဆင်းချိန်တွင် တင်ကျန်ရစ်ခဲ့သည့် သဲနှုန်းများအားဖယ်ရှားရှင်းလင်းခြင်း၊ မီးသတ်ပိုက်များဖြင့်ဆေးကြောသန့်စင်ခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်၏ မြို့တော်ဖြစ်သည့် အတွက် မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော Green City, Clean City ဖြစ်စေ ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားသည်။
အဆိုပါရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ပြည်နယ်အတွင်းအခြေခံပညာကျောင်းပေါင်း ၁၅၀ ကျောင်းပိတ်ခဲ့ရပြီး ယနေ့ထိ ၁၁၄ ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့ရာ ၃၆ ကျောင်းဖွင့်လှစ်ရန်ကျန်ရှိနေသည့်အတွက် ကျောင်းသား၊ကျောင်းသူ များအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး အခြေခံပညာကျောင်းများတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များကိုဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၁၁)အခြေခံ ပညာမူလတန်းကျောင်း၊ ရွှေကင်းအခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း(ခွဲ)တို့တွင် ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ တင်ကျန်ရစ်သည့်နှုန်းမြေများ၊ သစ်ပင် သစ်ကိုင်းများ၊ စွန့်ပစ်ပလပ်စတစ်နှင့်အမှိုက်သရိုက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ဆေးကြောသန့်စင်ခြင်း၊ ရေစီး ရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းအစရှိသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းများတွင် သန့်ရှင်းသောသောက်သုံးရေရရှိ ရေး၊ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ကျောင်းပရိဝုဏ် အတွင်းအပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ကျောင်းနေပျော်၍ပညာတော် သောကျောင်းသား၊ကျောင်းသူများဖြစ်စေ ရန် စာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သောပတ်ဝန်းကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိ သူများအား မှာကြားခဲ့ပါသည်။