ဘားအံ - စက်တင်ဘာ (၁၀)

            မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် (၁၅၀)သိန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်(၉၀)သိန်း စုစုပေါင်းငွေကျပ်(၂၄၀)သိန်းကျော်ဖြင့် တည်ဆောက်ပြီးစီးသည့် ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စုရှိ သုတရတနာ စာကြည့်တိုက်သစ်ဖွင့်ပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီက အဆိုပါစာကြည့်တိုက်သစ်အဆောက်အဦ တည်နေရာ၌ ကျင်းပသည်။

            စာကြည့်တိုက်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စာကြည့်တိုက်များနှင့်စာအုပ်စာပေများ သည် မိမိတို့လက်လှမ်းမီသောနေရာများတွင်သာတည်ရှိနေပြီး လွယ်လင့်တကူလေ့လာဖတ်ရှုနိုင်ကြကာ လူတန်းစား မရွေး၊ အသက်ကြီးငယ်မရွေး၊လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတရှာမှီးရာနေရာတစ်ခုဖြစ်သည်ကြောင့် စာကြည့်တိုက် မှ စာအုပ်စာပေများကိုဖတ်ရှု၍ ဘဝတိုးတက်အောင်မြင်အောင်၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင် စာဖတ်များအောင် တိုက်တွန်းကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် စေတနာရှင်၊အလှူရှင်များနှင့်ဌာနဆိုင်ရာများက အိန္ဒဲကျေးရွာအုပ်စု၊ သုတရတနာစာကြည့်တိုက် အတွက် ငွေပဒေသာပင်များပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌက သုတရတနာစာကြည့်တိုက်အတွက် ပြည်နယ်လူမှုရေးဝန်ကြီးထံ စာအုပ်စာစောင်များပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်သည်။

            ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်က စာကြည့်တိုက် များတည်ဆောက်ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က စာကြည့်တိုက်အဆောက်အဦနှင့်ပတ်သက်သည့်စာရွက်စာတမ်များ၊ စာအုပ်စာစောင်နှင့်ပရိဘောဂများကို စာကြည့် တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်ကာ စာကြည့်တိုက်ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ရပ်မိရပ်ဖတစ်ဦးတို့က သုတရတနာ စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည်များ ပက်ဖြန်း၍ စာကြည့်တိုက်အတွင်းရှိ စာအုပ်စာစောင်၊ ပရိဘောဂများနှင့် ဒေသခံပြည်သူများ၏ သုတ၊ရသ စာအုပ် စာစောင်များလာရောက်လေ့လာဖတ်ရှုနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းနှင့်ဆောင်ရွက်၍မရနိုင်သည်ကြောင့် အဆင့်ဆင့် သော သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer များ၏ညီညွတ်သော အင်အားဖြင့် အောင်မြင်အောင်ဆောင်ရွက်ပြီး သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်မည့် အခွင့်အခါကောင်း တစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးဦးကျော်မြင့်က သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်း များနှင့်ပတ်သက်၍ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာလမ်းညွှန်ချက်များ၊ သန်းခေါင်စာရင်းကောက်ယူနိုင်မည့် ကောက်ကွက်စာရင်းချုပ်၊ စာရင်းစစ်၊ စာရင်းကောက်ခန့်ထားမှုနှင့် အချိန်မီအစားထိုးခန့်ထားနိုင်ရေးစီမံဆောင်ရွက် ထားမှု၊ ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ကောက်ကွက်များတိုးချဲ့စီမံဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာစီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်း တင်ပြကာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်များအလိုက် အတည်ပြုခန့်ထား ရမည့်စာရင်းစစ်စာရင်းကောက်အရေအတွက်၊ သန်းခေါင်စာရင်းမကောက်ယူနိုင်သည့်ကျေးရွာအုပ်စုများ၊ ကောက်ယူ နိုင်သည့် ကျေးရွာအုပ်စုများ၊ စာရင်းစစ်၊စာရင်းကောက်များတာဝန်ပေးအပ်ထားမှု အစရှိသည့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

            ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက် များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။