ဘားအံ - စက်တင်ဘာ (၃)

            ကရင်ပြည်နယ်အတွင်း ရပ်ကွက်၊ကျေးရွာစာကြည့်တိုက်ပေါင်း (၃၃) တိုက်ရှိပြီး ယခုနှစ်တွင် စာကြည့်တိုက် အသစ်(၇)တိုက်ကို တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ လှာကမြင်ကွက်သစ်၌ ကျင်းပသည့် အလင်းတိုက်စာကြည့်တိုက်သစ်ဖွင့်ပွဲမှ သိရသည်။

အလင်းတိုက် စာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော် မတီ၏မတည်ထောက်ပံ့ငွေကျပ်သိန်း(၁၅၀)၊ ဌာနဆိုင်ရာများနှင့်ပြည်သူလူထုထည့်ဝင်ငွေ(၉၀)သိန်း စုစုပေါင်းငွေကျပ် သိန်း(၂၄၀)ကျော်ဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အသိ ပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကိုပုံဖော်တည်ဆောက်ပေးရာတွင် စာဖတ်အားကောင်းလာစေရေး နှင့် ကျေးရွာစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးသည် မဖြစ်မနေလိုအပ်ကြောင်း၊ စာကြည့်တိုက်များနှင့်စာအုပ်စာပေ များသည် မိမိတို့လက်လှမ်းမီသောနေရာများတွင်သာတည်ရှိနေပြီး လွယ်လင့်တကူလေ့လာဖတ်ရှုနိုင်ကြကာ လူတန်း စားမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတရှာမှီးရာနေရာတစ်ခုဖြစ်သည်ကြောင့် စာကြည့် တိုက်မှ စာအုပ်စာပေများကိုဖတ်ရှု၍ ဘဝတိုးတက်အောင်မြင်အောင်၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူငယ်များကို လည်း အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင် စာဖတ်များအောင် တိုက်တွန်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စာကြည့်တိုက်များအတွက် ငွေပဒေသာပင်များပေးအပ်လှူဒါန်းကြရာ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊အလှူရှင်များက ဘားအံမြို့နယ် အိန္ဒဲကျေးရွာအုပ်စု၊ဖအွံ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ မုက္ကဒိကျေးရွာ အုပ်စုများရှိ စာကြည့်တိုက်(၃)တိုက်အတွက် တစ်တိုက်လျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် ငွေပဒေသာပင်ကျပ်သိန်း(၃၀)၊ အလင်းတိုက်စာကြည့်တိုက်အတွက် ငွေပဒေသာပင်ကျပ် (၁၁)သိန်းနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေး ရှင်းမှ စာအုပ်စာစောင်များကိုပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ 

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်က စာကြည့်တိုက် တည်ဆောက်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်အဆောက် အအုံနှင့်ပတ်သက်သည့်စာရွက်စာတမ်းများ၊ စာအုပ်စာစောင်များနှင့်ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်ကာ စာကြည့်တိုက်ကော်မတီဝင် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ရပ်မိရပ်ဖတစ်ဦးတို့က အလင်းတိုက်စာကြည့်တိုက်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ် ကျေးမှုအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည်များ ပက်ဖြန်း၍ စာကြည့်တိုက်အတွင်းရှိ စာအုပ်စာစောင်၊ ပရိဘောဂများနှင့် ဒေသခံပြည်သူများ၏ သုတ၊ရသ စာအုပ် စာစောင်များလာရောက်လေ့လာဖတ်ရှုနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ စာကြည့်တိုက်ကိုလာရောက်အသုံးပြုသူများအတွက် အများသုံးသန့်စင်ခန်း တည် ဆောက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလင်းတိုက် စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ် လှာကမြင် ကွက်သစ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ တို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။