ဘားအံ - ဇန်နဝါရီ (၁၃)
ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ၊ ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဘားအံမြို့နယ် အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၌ အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိရာ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နည်းပညာတက္တကသိုလ်(ဘားအံ)ရှိ ဆရာ၊ဆရာမ၊ ဝန်ထမ်းများ၊ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား ဘားအံ/လှာကဒေါင် မွေးမြူရေးဇုန်မှထုတ်လုပ်သော လတ်ဆတ်သည့်ကြက်ဥ၊ဘဲဥ များ၊ ကြက်၊ ဝတ်၊ ဆိတ် အသား၊ ငါးများ၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက်ရှိကျေးရွာများနှင့် ရေလယ်ကျွန်းများမှ စိုက်ပျိုးထွက်ရှိသည့် ဟင်းသီးဟင်းရွက်၊ စားဖိုဆောင်သီးနှံများ၊ ဆန်နှင့်ဆီများအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးနှင့်ကိုက်ညီသည့် စားသောက်ကုန် များအား စနစ်တကျရောင်းချပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)၌ ဆန်၊ ဆီ၊ သား၊ ငါး၊ ဟင်းသီး ဟင်းရွက်အစရှိသော အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)၏ ဆယ်မျိုး ဆယ်ဘောင် ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် ကျောင်းပတ် လမ်းတို့အား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကျန်ရှိသည့်ကျောင်းပတ်လမ်းအား ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် (၁၇၂ ဒဿမ ၉၀၀ သန်း)ဖြင့် လမ်းဦးစီးဌာနမှဆောင်ရွက်သော ဘားအံ-ကြာအင်းလမ်း ၀ ကီလိုမီတာမှ ၁ ကီလိုမီတာအတွင်း လမ်းဘေး ဝဲယာနှစ်ဖက်တွင် စုစုပေါင်း(၉၄၀)မီတာအရှည်၊ အကျယ် ၅ ပေ၊ အနက် ၃ ပေရှိ ကျောက်စီရေမြောင်းတည်ဆောက် ခြင်းလုပ်ငန်း၊ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်( ၄၉ ဒဿမ ၁၉၀)သန်းဖြင့် ၂၁၀ မီတာအရှည် ကျောက်စီမြေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး မိုးများသည့်ဒေသဖြစ်သည့်အတွက် ရေမြောင်းများအား စနစ်တကျနှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေ၊ ဘားအံပညာ့ရိပ်သာတွင် ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥ အစရှိသော အခြေခံစား သောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့်ရောင်းချပေးနေမှု၊ ဘားအံပညာရေးဒီဂရီကောလိပ် ပရိဝုဏ် အတွင်း အလားတူရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းနှင့် အလားတူ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တွင်လည်း ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် စားဖိုဆောင်သီးနှံများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကြမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးနှင့် ပြည်နယ်အတွင်း တည်ငြိမ်မှုရှိသည့်မြို့နယ်များတွင် အေးချမ်းစွာဖြေဆိုနိုင်စေရေး စာစစ်ဌာနများကို လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ရောက်ရှိတက်ရောက်နေ သောကျောင်း/စာစစ်ဌာနများတွင်ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ စာစစ်ဌာနများ၏စီမံ အုပ်ချုပ် ရေးကိစ္စရပ်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၃၄၈ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး စာစစ်ဌာန ၁၁ ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပသွားမည်ဖြစ်ကာ နီးစပ်ရာပတ်ဝန်းကျင်ဒေသများမှ ကျောင်းသား၊ကျောင်းသူများသည် အဆိုပါစာစစ်ဌာနများ တွင် လာရောက်ပေါင်းစည်းဖြေဆိုစေမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပဖြေဆိုနိုင်ရေးစီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များ၊ ခရိုင်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူ များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆန်၊ ဆီပေးအပ်လှူဒါန်းသည့်အခမ်းအနားကို မွန်းလွဲ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေဒေသအခြေအနေအရ ဘားအံ၊ လှိုင်းဘွဲမြို့နယ်များရှိ နီးစပ်ရာဆွေမျိုးများနေအိမ်၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများတွင် ယာယီပြောင်းရွှေ့ နေထိုင်ကြသူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို အခါအားလျှော်စွာ သွားရောက်ထောက်ပံ့ပေးထားကြောင်း၊ ယခုကဲ့သို့ ဆန်နှင့်ဆီများ လာရောက်လှူဒါန်းပေးမှုအပေါ် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ် စွန့်ခွာပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းက ဆန် ၄၅ အိတ်၊ ဆီလုပ်ငန်းရှင်များအသင်းက ဆီ ၄၀၀ ပိဿာတို့ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။















