ဘားအံ - ဒီဇင်ဘာ (၂၄)
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ငွေလုံးငွေရင်းနှင့်ဖြည့်စွက်ရန်ပုံငွေ (၂၆၈၇ ဒဿမ ၉ )သန်းဖြင့် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်း ဘေးဝဲယာကားပါကင်နေရာတိုးချဲ့ခြင်း၊ ရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းနှင့် လုပ်သားလမ်းရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်း ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲက အဆိုပါလမ်းဆုံနေရာ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏နေ့စဉ်ဘဝနှင့် တိုက်ရိုက်သက်ဆိုင်သော မြို့ပြအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး သီရိလမ်းကို အကျယ်(၈၀)ပေရရှိအောင်တိုးချဲ့၍ စနစ်ကျသည့်ရေမြောင်းပလက်ဖောင်း ၄၃၅၀ပေ၊ Box Culvert (၈)စင်း၊ ထု(၈)လက်မရှိ ကားပါကင်နေရာတိုးချဲ့ခြင်း ၁၃၀၅၀၀ စတုရန်းပေ၊ လုပ်သားလမ်းကို ရေမြောင်းနှင့်လမ်းဘေး ပလက်ဖောင်း ၄၅၇၅ ပေ၊ Box Culvert (၁၁)စင်းတို့ကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီး၍ ယနေ့ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေများစွာအသုံးပြုပြီးဆောင်ရွက်ပေးခြင်းသည် ပြည်သူ လူထု၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် ဖြစ်ပြီး ရေရှည်တည်တံ့အောင်ထိန်းသိမ်းရာတွင် သက်ဆိုင်ရာဌာနများ သာမက ပြည်သူများကလည်း မိမိတို့ပိုင်လမ်းမကြီးများသဖွယ် ဝိုင်းဝန်းကူညီထိန်းသိမ်းပေးကြစေလိုကြောင်းပြောကြား၍ ဒေသခံတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကဖွင့်ပွဲမုခ်ဦးများကိုစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သီရိလမ်းဘေးဝဲယာကားပါကင် နေရာတိုးချဲ့ခြင်း၊ ရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းနှင့် လုပ်သားလမ်းရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းတို့ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီး မြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီရိလမ်းကားပါကင်နေရာတိုးချဲ့ခြင်း၊ ရေမြောင်း ပလက်ဖောင်းနှင့် လုပ်သားလမ်းရေမြောင်းပလက်ဖောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။















