ဘားအံ - ဖေဖော်ဝါရီ (၁)

            (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဘားအံ-လှိုင်းဘွဲလမ်းမကြီး၊ မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော်လမ်း၊ မိဇံ-ကော့ကူး-ပေါ့ထော်-နောင်ကမြိုင်လမ်းတို့နှင့်ချိတ်ဆက်ထားသည့် လှာကမြင်ကျေးရွာအုပ်စု၊ ပါရမီတံတားအဝင်လမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

            ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၄၇ ဒဿမ ၉၁၆ သန်းဖြင့် ရွှေဖားစည် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ၁၄ ပေ အကျယ် အရှည် တစ်မိုင် ၀ ဒဿမ ၃ ဖာလုံရှိ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ လမ်းသစ်အားဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။

            ထို့နောက် လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကွန်ကရစ်လမ်း သစ်ကိုဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်များ အတွက် ကျေးလက်လမ်းကွန်ယက်များအသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေကာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ စက်မှုလက်မှုထုတ်ကုန်များကို ကုန်ကျ စရိတ်သက်သာစွာဖြင့် ဈေးကွက်သို့အမြန်ဆုံးရောက်ရှိ၍ အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းကို အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊တံတားများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်၍ လမ်း၊တံတားများရေရှည်တည်တံ့ခိုင်မြဲအောင် အတူတကွပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းနှီးနွေး ထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            ဆက်လက်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဘားအံတက္ကသိုလ်ဘွဲနှင်းသဘင် ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာများမှ အမျိုးသားဖူဆယ်ဘောလုံးအသင်း   ၁၂ သင်း၊ အားကစားသမား  ၁၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

            ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲစည်းမျဉ်း၊စည်းကမ်း၊ဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်းဖြင့် ယှဉ်ပြိုင်အနိုင်ယူကစားကြစေလိုပြီး ဒိုင်လူကြီးများ၏အဆုံးအဖြတ်ကိုလိုက်နာ၍ အားကစား သမားကောင်းစိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး  အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး၍ ဖူဆယ်ဘောလုံးအသင်းတစ်သင်းလျှင် ငွေကျပ် ၅ သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့သည်။

            ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအမျိုးသားဖူဆယ်ဘောလုံးအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအမျိုးသားဖူဆယ်ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ဖူဆယ်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါအဖွင့်ပွဲစဉ်တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအမျိုးသားဖူဆယ်ဘောလုံးအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါသည်။