ဘားအံ - ဒီဇင်ဘာ (၂၃)

            (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် Diamomd & Diamond Co.,Ltd ၏ သစ်ပါးလွှာစက်ရုံဖွင့်ပွဲကို  ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲက ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၂)၊ အကွက်အမှတ် (၈၆)ရှိ အဆိုပါစက်ရုံတည်နေရာ၌ကျင်းပသည်။

            ဘားအံစက်မှုဇုန်တွင် လည်ပတ်စက်ရုံ ၄၈ ရုံနှင့် တည်ဆောက်ဆဲစက်ရုံ ၃၂ ရုံရှိပြီး ယခုသစ်ပါးလွှာစက်ရုံကို ထပ်မံဖွင့်လှစ်ခဲ့သည့်အတွက် လည်ပတ်စက်ရုံ ၄၉ ရုံအထိတိုးတက်လာကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် Diamomd & Diamond Co.,Ltd မှ တာဝန်ရှိသူများက သစ်ပါးလွှာစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြ သော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သစ်ပါးလွှာစက်ရုံရှိ  အထပ်သားအခွံခွာအကြမ်းစက်၊ အထပ်သားအချောစက်၊ ဓါးသွေးစက်၊ ဖိသိပ်ထုပ်ပိုးစက်များဖြင့်  ရာဘာသစ်ပါးလွှာထုတ်လုပ်ပုံအဆင့်ဆင့်နှင့် အရည် အသွေးခွဲခြားပါကင်ထုတ်ပိုးထားရှိမှု၊ စက်ရုံထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ယနေ့ဖွင့်လှစ်သည့် သစ်ပါးလွှာစက်ရုံကို ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း(၇၀၀)ဖြင့် လျာထားတည်ဆောက်ခဲ့ပြီး စက်ရုံဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုအခါ သစ်ပါးလွှာ ထုတ်လုပ်နေရာမှ နောင်တွင်နည်းပညာဆန်းသစ်တိုးမြှင့်၍ အထပ်သား၊ ကြိတ်ပြား၊ သစ်အချောထည်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်သွားစေလိုကြောင်း၊ ဒေသတွင်းရှိ အရင်းအမြစ်များကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်ရရှိစေရန်အတွက် ပူးပေါင်းပါဝင်‌ ဆောင်ရွက်ကြပြီး မိမိတို့အကျိုး၊ ဒေသနှင့်တိုင်းရင်းသားလူမျိုးများအကျိုး တို့ကို ဆထက်ထမ်းပိုးကြိုးပမ်းအားထုတ်၍ ကရင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် စက်မှုဇုန်ဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ဘားအံစက်မှုဇုန်အတွင်း စက်ရုံ၊အလုပ်ရုံများကောင်းမွန်စွာလည်ပတ်လုပ်ကိုင်နိုင်ရေး Infra Structure ပိုင်းဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေး စသည့်ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားပြီး Diamomd & Diamond Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြကာ ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်(၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ) ပထမနှစ်သင်တန်း ကျောင်းသား၊ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသား၊ကျောင်းသူများ ပညာရည်မြင့်မားမှသာ နိုင်ငံတိုးတက်မည်ဖြစ်၍ တိုးတက်နေသည့်ခေတ်နှင့်အညီ မိမိတို့၏ အရည်အသွေးကို နိုင်ငံတကာ အဆင့်မီအောင် မောင်တို့မယ်တို့က အစဉ်အမြဲကြိုးပမ်းကြစေလိုကြောင်း၊ မောင်တို့မယ်တို့သည် နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ရမည့် သူများဖြစ်သည့်အတွက် တက္ကသိုလ်တွင် ဆရာ၊ဆရာမများသင်ကြားပေးသည့် အဆင့်မြင့် ပညာများကို လေ့လာသင်ယူပြီး မိမိနှစ်သက်ရာအားကစားနှင့်အသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ထူးချွန်ထက်မြတ်အောင် လေ့လာသင်ယူအားထုတ်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။ 

            ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဘားအံတက္ကသိုလ်တွင် ဖွင့်လှစ်ပို့ချလျက် ရှိသည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မောင်မယ်သစ်လွင်များကိုကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ဘားအံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများ၊ ဝတ်စားဆင်ယင်မှု ဖက်ရှင်ရှိုးတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး King နှင့် Queen တို့ကိုရွေးချယ်ကာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်က ဆုများပေးအပ်ချီးမြှင့်သည်။

            ဘားအံတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းတွင် ကျောင်းသား၊ကျောင်းသူ (၆၃၄)ဦး ကျောင်းအပ်နှံပြီး ဘာသာရပ်ပေါင်းစုံတွင် တက်ရောက်ပညာကြားကြမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သည် မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။