ဘားအံ - ဇန်နဝါရီ (၅)
ကရင်ပြည်နယ်အစိုးရအဖွဲ့မှတည်ခင်းဧည့်ခံသည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲနှင့်ဂုဏ်ပြုဖျော်ဖြေပွဲကို ဇန်နဝါရီလ ၄ ရက်နေ့ ညခင်းပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။
ဂုဏ်ပြုညစာစားပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက် ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုံလင်စွာတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ မီးရှူးမီးပန်းများပစ်ဖောက်မှုကို ကြည်ရှုအားပေး၍ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ခဲ့ကြကာ ညစာမသုံးမီနှင့်သုံးဆောင်နေစဉ်အတွင်း ပြည်နယ်ဂီတအစည်းအရုံးမှ တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေမှုအား ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်ထက်၌ ကျင်းပသည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲအား ကြည့်ရှုအားပေးကြရာ အခြေခံပညာ ကျောင်းများ၊တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့်သင်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊သင်တန်းသား၊ သင်တန်းသူများ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တက်ရောက်လာသူများက ဂုဏ်ပြုဆု များအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့်တိုင်းရင်းသားပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့်အသင့်စားသုံးနိုင်သောစားသောက် ကုန်ပစ္စည်းများပေးပို့လှူဒါန်းနိုင်ရေး ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၏ ကြော်လှော်ချက်ပြုတ်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၏ ငါးပိ၊ ငါးခြောက် ၊ ငရုတ်၊ ကြက်သွန်၊ အသားတု၊ အားလူး၊ ပဲ အစရှိသော စားသောက်ကုန်ပစ္စည်းများအား ကြော်လှော်ချက်ပြုတ် ပြင်ဆင်ထုတ်ပိုးနေမှုများကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက စားသောက်ကုန်များအား ကျန်းမာရေးနှင့်သင့်လျော်ပြီး ဘေးဥပဒ်ကင်းရှင်းစေရေး စနစ်တကျရွေးချယ် ဝယ်ယူစုဆောင်း၍ သန့်ရှင်းသပ်ရပ်စွာကြော်လှော်ချက်ပြုတ်ထုတ်ပိုးနေမှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ပါသည်။