ဘားအံ - ဇန်နဝါရီ (၂)
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ရွှေဒုံသမိကုမ္ပဏီနှင့်မြန်မာတိုးတက်ချမ်းသာကုမ္ပဏီတို့မှ ဆောင်ရွက်ပြီးစီးသော လှိုင်းဘွဲမြို့နယ်၊ ကမော့လဲ-တခွက်ဖိုး (ပန်တော်မှီ)ကျေးရွာချင်းဆက် ကတ္တရာထပ်ပိုးလွှာလမ်းဖွင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီက အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တစ်နေရာမှ တစ်နေရာသို့ ကူးလူးဆက်ဆံသွားလာနိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းသည် အဓိကကျသည့်အခန်း ကဏ္ဍတွင်ပါဝင်ပြီး မြေလမ်းမှ ကျောက်လမ်း၊ ကျောက်လမ်းမှ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများအဖြစ်ဆောင်ရွက် ပေးခြင်းမှာ တိုင်းရင်းသားပြည်သူများအား ဖွံ့ဖြိုးတိုးတက်စေလိုသည့် စေတနာအမှန်စိတ်ကြောင့်ဖြစ်ကြောင်း၊ မိမိ ဒေသတိုးတက်လာစေရေး အဖျက်အမှောက်သမားများ၏စကား နားယောင်မှုမရှိဘဲ မိမိအကျိုးစီးပွား၊ ဒေသအကျိုး စီးပွားများ ဖွံ့ဖြိုးရေးအတွက် အမြင်ကျယ်ကျယ်ဖြင့်ရှုမြင်ပြီး လက်ရှိဆောင်ရွက်ပြီးဖြစ်သော လမ်း/တံတားပိုင်းဆိုင်ရာ များအား ဝိုင်းဝန်းကူညီထိန်းသိမ်းပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံး ညွှန်ကြားရေးမှူးဦးအောင်ထွဋ်က ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၄၃၃ ဒဿမ ၈၇၃)သန်းဖြင့် ( ၁၂ ) ပေ အကျယ်၊ (၃)လက်မထု၊ အမာခံလမ်းပုခုံး(၄)ပေစီဖြင့် ကတ္တရာထပ်ပိုးလွှာလမ်း ၃ မိုင် ခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကမော့လဲ-တခွက်ဖိုး (ပန်တော်မှီ)ကျေးရွာချင်းဆက် ကတ္တရာထပ်ပိုးလွှာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါလမ်းပိုင်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် လင်းရောင်စိန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော တခွက်ဖိုး-ပန်တော်မှီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် ပေးခြင်းဖြင့် ကျေးလက်နှင့်မြို့ပြအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြအသွင်၊ မြို့ပြအခြေအနေသို့ အချိန်တို အတွင်းပြောင်းလဲလာနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အတွက် ကျေးလက်လမ်းကွန်ယက်များအသုံးပြု၍ အမြန်ဆုံးဆက်သွယ်လာနိုင်ကာ အမျိုးသားပို့ဆောင်ရေး ပင်မ စီမံကိန်းအား အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေး မှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တခွက်ဖိုး-ပန်တော်မှီ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ လမ်းပိုင်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကရင်ပြည်နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော လှိုင်းဘွဲ-ပိုင်ကျုံကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးပိုမိုအဆင်ပြေချောမွေ့စေရေးကိုရှေ့ရှုလျက် လှိုင်းဘွဲ-ပိုင်ကျုံလမ်းအတွင်း လမ်းတာဘောင် ချဲ့ခြင်းလုပ်ငန်းများ၊ လမ်းနယ်ရရှိရေးလုပ်ငန်းများဆောင်ရွက်စေခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် လမ်းတာဘောင်ချဲ့ခြင်း(၁၀ ဒဿမ ၅၁၁)ကီလိုမီတာ၊ လမ်းတာဘောင်မြှင့်၍ ဒုအခြေခံလွှာ ခင်းခြင်း(၀ ဒဿမ ၉)ကီလိုမီတာအပြင် (၁၂)ပေအကျယ် ကတ္တရာလမ်းမှ (၁၈)ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း(၁) ကီလိုမီတာတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ လှိုင်းဘွဲ-ပိုင်ကျုံလမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင်ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုပြီး အဆင့်မြှင့်တင်တိုးတက်ပြုပြင်ရန်ကျန်ရှိသည့် လမ်း၊တံတားများ ဆက်လက် ဆောင်ရွက်ရာတွင်လည်း ယခုကဲ့သို့ အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှိုင်းဘွဲ-ပိုင်ကျုံကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။