ဘားအံ - နိုဝင်ဘာ (၅)
နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘားအံမြို့နယ်၊ ထူးဂုဏ် (တောင်ဝိုင်း-ကော့ဌေး-နောင်သကန်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အဆိုပါလမ်းသစ်မုခ်ဦးတည်နေရာ၌ကျင်းပသည်။
အဆိုပါလမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၁၂၇ ဒဿမ ၄၇၆) သန်းဖြင့် လမ်းအရှည် (၁)မိုင်(၁ဒဿမ၅)ဖာလုံအား ၁၄ ပေအကျယ်ကျောက်ချောလမ်းအဖြစ် စတင်ဆောင်ရွက်ပေးခဲ့ ပြီး ယခုနှစ်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၄၀၇ ဒဿမ ၀၄၅)သန်းဖြင့် ဝေပုံမြ ကုမ္ပဏီမှ (၁၄)ပေအကျယ် ကွန်ကရစ်လမ်း(၁)မိုင်(၁ဒဿမ၅)ဖာလုံအား တာဝန်ယူဆောင်ရွက်ပြီးစီးဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လမ်းဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် လမ်းသည် တောင်ကလေး-စံပနုံ-တောင်ဝိုင်းလမ်း၊ မဲဘောင်-နောင်ပလိန်လမ်းတို့နှင့်တိုက်ရိုက်ချိတ်ဆက်ထားပြီး အဓိကဆက်သွယ်ရေးလမ်းဖြစ်သော ဘားအံ-ကော့ကရိတ်-မြဝတီ အားရှလမ်းမကြီးနှင့် ဘားအံ-လှိုင်းဘွဲလမ်းမကြီး များသို့ အချိန်တိုအတွင်းရောက်ရှိနိုင်ကာ တောင်ဝိုင်းတောင်၊ ဣစ္ဆာသယဂူ၊ ဗုဒ္ဓဂါယာနှင့် ကော့ကသောင်ဂူများသို့ အချိန်ကုန်သက်သာစွာ သွားရောက်လည်ပတ်ဖူးမြော်နိုင်သည့်အပြင် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်စေကာ ပြည်နယ်၏စီးပွားရေးကိုအထောက်အကူပြုသည့် ခရီးသွားလုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားခဲ့ပါသည်။