ဘားအံ - ဇွန် (၉)

            ဒေသတွင်းဖြစ်ပျက်နေသည့်အကြောင်းအရာများ၊ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေ မှုများ၊ ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်နေမှုများကို အချိန်နှင့်တပြေးညီ အများပြည်သူသိရှိနိုင်ရေးအတွက် သတင်းရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

            အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နည်းပြများသင်ကြားပြသပေးလိုက်သည့် သတင်းရေးသားနည်း သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်စေရန် ဆက်လက်ကြိုးစားလေ့လာပြီး မိမိတို့၏အရည်အသွေးကိုမြှင့်တင်ကာ ပြည်သူကိုဗဟိုပြု၍ စိတ်ရင်းစေတနာကောင်းများဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လူမှု ရေးဝန်ကြီးဦးစောထွန်းအောင်တို့က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အဖွဲ့များအား ဂုဏ်ပြု ဆုများ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်နှင့် သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက် မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

            ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ သင်တန်းသားများအား ရင်းနှီး စွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            ယနေ့သင်တန်းဆင်းပွဲတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ သင်တန်းသား၊သင်တန်းသူ ၅၀ ဦးတက် ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်ဓာတ်ပုံအသင်းနာယကနှင့် မြန်မာ့အလင်းသတင်းစာတိုက်စာတည်းမှူးချုပ်တို့က သတင်းဓာတ်ပုံရိုက်ကူးနည်းနှင့်သတင်းရေးသားနည်းတို့ကို ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ စာတွေ့၊လက်တွေ သင်ကြားပို့ချပေးခဲ့ကာ သင်တန်းဆန်းစစ်ချက်များဆောင်ရွက်၍ သင်တန်းထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။