ဘားအံ - မတ် (၂၆)

            ကရင်ပြည်နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅  ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဋ္ဌိပထမပြန် စာမေးပွဲကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှစ၍ ဘားအံမြို့၊ ကြာအင်းတောင်ခြေ၊ သာသနာ့ဝေစည်ဓမ္မဗိမာန် တော်ကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော် ကြီးများအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

            ဦးစွာ အစိုးရဓမ္မာစရိယစာမေးပွဲနှင့်ပါဋ္ဌိပထမပြန်စာမေးပွဲဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ဆရာတော်၊သံဃာ တော်များနှင့်တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီး ချုပ်အမှူးပြုသောဧည့်ပရိတ်သတ်အပေါ်းတို့က မြို့နယ်ဩဝါဒါစရိယ ပြည်နယ်ကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဇာတထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊သံဃာတော်များရွတ်ဖတ်သရဇ္ဈယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

            ထို့နောက် စာမေးပွဲကြီးကြပ်ရေးနာယက သုန္ဒရာရာမကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တတေဇောဘာသက ဩဝါဒကထာမြွက်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်တာဝန်ရှိသူများက စာမေးပွဲကြီးကြပ်ရေးဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြကာ ဌာနဆိုင်ရာများက စာမေးပွဲဆွမ်းကွမ်းဝေယျာဝစ္စအတွက် အလှူငွေ ကျပ် ၁၆၉ သိန်းကို ဥပသကာတစ်ဦးထံ လှူဒါန်းခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် သာနုန်းယသဝေါ်ဆရာတော်ဘဒ္ဒန္တကလျာဝုဓ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက်ရေစက် သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြသည်။

            ဆက်လက်၍ ဒေသတွင်းခရီးသွားလုပ်ငန်းအရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကရင်ပြည်နယ်ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ၏(၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ် အတွင်း မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး သံလွင်ကမ်းခြေ၌ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ကို စနစ်တကျထည့်သွင်းကျင်းပသွားမည်ဖြစ်သည့်အတွက် ခရီးသွားဧည့်သည်များ သိရှိပါဝင်ဆင်နွှဲနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြစေလိုကာ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် တက်ရောက်လာသူအားလုံးမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရန် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များမှာ အဓိကအခြေခံကျသည့်အတွက် လိုအပ်သည်များတင်ပြဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။

            ထိုနောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက် ပြီးစီးမှု၊ ကော်မတီမှလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့်ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များ ကို တင်ပြဆွေးနွေးသည်။

            ယင်းနောက် ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ခရီးစဉ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

            ဆက်လက်၍ ပြည်နယ်အတွင်း ရွက်ပုန်းသီးအားကစားသမားများပေါ်ထွန်းလာစေရေးနှင့် အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၄ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကကရင်ပြည်နယ်၏ ဘောလုံးနှင့်ပြေးခုန်ပစ်အားကစားနည်းတို့သည် အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့ပြီး ယခုပြိုင်ပွဲမှ ထူးချွန်ထက်မြက်၍ကြိုးစားအားထုတ်မှုရှိသော အားကစား သမားများကို ပြည်နယ်လက်ရွေးစင်အဖြစ်ရွေးချယ်ပြီး ဧပြီလအတွင်းနေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီး နှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ မိမိတို့၏ မြို့နယ်၊ ပြည်နယ်နှင့် နိုင်ငံ့ဂုဏ် ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်ကြသူများဖြစ်အောင် ကြိုးစားကြစေလိုပြီး စည်းမျဉ်းစည်းကမ်းဥပဒေဘောင်အတွင်းမှ အနိုင်ရရှိအောင်ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားကစားပစ္စည်းများချီးမြှင့် ပေးအပ်ကာ ပြိုင်ပွဲတွင် ကူညီအားဖြည့်ပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် သည်။

            အဆိုပါပြိုင်ပွဲသို့ မြို့နယ်(၇)မြို့နယ်မှ ပြေးခုန်ပစ်နှင့်ဘောလုံးအားကစားသမား ၂၁၀ ဦးဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး အမျိုးသားဘောလုံးပြိုင်ပွဲကို မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့ထိ ပွဲစဉ်ပေါင်း ၁၂ ပွဲဖြင့်လည်းကောင်း၊ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ထိ လည်းကောင်း ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်ရာ ဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ်အသင်းနှင့် လှိုင်းဘွဲမြို့နယ်အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါသည်။