ဘားအံ - ဖေဖော်ဝါရီ (၂၀)

            ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းပြီး အကြမ်းဖက်မှုဖြစ် စဉ်များကြောင့် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသသို့ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူအေးလင်းသာယာကျောက်စာကွင်း၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နေရပ်စွန့်ခွာပြည်သူများ၏ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ အေးချမ်းစွာနေထိုင်စားသောက်နိုင်ရေးအတွက် အမြဲသတိပြုကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် လည်း နေထိုင်စဉ်ကာလအတွင်း ရင်းနှီးချစ်ခင်စွာနေထိုင်ကြရန်၊ သန့်ရှင်းသည့်သောက်သုံးရေ အသုံးပြုကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်၊ တာဝန်ရှိသူများ၏ပြောဆိုဆုံးမမှုကို နာခံကြရန်နှင့် အခက်အခဲရှိပါက အထက်ဌာနများ၊ နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့များသို့ ချက်ချင်းသတင်းပို့ကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြိုင်ကြီးငူအထူးဒေသသို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု ၂၈၉၄ စု၊ လူဦးရေ ၁၄၀၀၃ ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင်ငွေကျပ် ၂၀၀၀ဝိ/-(နှစ်သောင်း)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၈၀၀ ဒဿမ ၆ သိန်း (နှစ်ထောင့်ရှစ်ရာသိန်း ခြောက်သောင်းကျပ်)ကို လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူးထံ ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များသည် အခမ်းအနားသို့တက်ရောက်လာသော နေရပ်စွန့်ခွာပြည်သူတစ်ဦးချင်းအား ထောက်ပံ့ငွေများ လက်ဝယ် အရောက်ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ယင်းနောက် နေရပ်စွန့်ခွာပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် နေရပ်စွန့်ခွာပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြိုင်ကြီးငူပြည်သူဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်းအားပေးကာ အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့ ပေးအပ်၍ အဆိုပါဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ သူနာပြုနှင့်ကျန်းမာရေးဝန်ထမ်းများအား အထွေထွေအသုံးစရိတ်ငွေကျပ်သုံးသိန်းနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြိုင်ကြီးငူစုံနံ့သာမြိုင်ဆွေမြို့တော်အခြေခံပညာ အထက်တန်းကျောင်းတွင် အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့၏ သင်ယူတတ်မြောက်မှု ဆန်းစစ်ခြင်း ကျောင်းတွင်းစာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး အဆိုပါအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများအတွက် အထွေထွေအသုံးစရိတ် ငွေကျပ်သုံးသိန်းကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။