ဘားအံ - မေ (၂၈)

ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မ ဗိမာန်တော်ကြီး(၄)ထပ်အဆောက်အဦ တည်ဆောက်ပြီးစီးရေးအတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါဗိမ္မာန်တော်ကြီး၏ မြေညီထပ်၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ဝင်/ထွက်လမ်း ပေ ၄၀ မြေသားတာဘောင်ဖို့လုပ်ငန်းနှင့် အပေါ်အမိုး Roof Slap တည်ဆောက်ရန် Column တိုင်ထူခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ထို့နောက်  တတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ထုထည်ကြီးမားသော အဆောက်အဦကိုတည်ဆောက်ရာတွင် အလှူရှင်များအနေဖြင့် သာသနာတော်ကိုထောက်ပံ့ ခြင်းရည်မှန်းချက်ထားပြီး ကျောင်းဒကာ၊ ကျောင်းအမ၊ ဗိမာန်ဒကာ၊ ဗိမာန်ဒါယိကာမများအဖြစ်ခံယူကြစေလိုကာ အောင်မြင်ပြီးစီးချိန် အတူတကွရေစက်ချမင်္ဂလာအခမ်းအနားကြီးတွင် ဗုဒ္ဓဘာသာဝင်တို့၏ရည်မှန်းရာ နိဗ္ဗာန်ချမ်းသာ မြတ်ကို ကိုယ်စီကိုယ်စီရရှိကြပါစေကြောင်းနှင့် မျှော်မှန်းထားသည့်ကာလတစ်ခုအတွင်း အချိန်မီပြီးစီးအောင် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ က လုပ်ငန်းပြီးစီးမှုနှင့်ဆောင်ရွက်နေသည့်လုပ်ငန်းများအခြေအနေကို ရှင်းလင်းပြောကြားကာ ဘဏ္ဍာ ထိန်းသိမ်းရှာဖွေရေးဆပ်ကော်မတီအတွင်းရေးမှူးက လက်ကျန်ငွေစာရင်းကို ရှင်းလင်းပြောကြားသည်။

            ပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ ပွဲတော်များ၊ သံဃအစည်းအဝေးများစသည့် သာသနာ ရေးဆိုင်ရာကိစ္စရပ်များ ကျင်းပဆောင်ရွက်ရာတွင် ပြည့်စုံလုံလောက်သည့် အဆောက်အဦလိုအပ်လျက်ရှိပြီး ပြည်နယ် ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဆုံးမလမ်းညွှန်မှုဖြင့် သာသနာ့ဝေစည်အမည်ရှိ (၄) ထပ်ဓမ္မဗိမာန်တော်ကြီးကို အလှူရှင်များစုပေါင်းပါဝင်လှူဒါန်းမှုဖြင့် စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါရာခိုင်နှုန်းအားဖြင့်(၄၅)ရာခိုင်နှုန်းခန့် တည် ဆောက်ပြီးစီးနေပြီး ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ငွေကျပ် ၇၄၇၁၅၃၅၀ဝိ/- ကျပ်၊ ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ငွေကျပ် ၆၅၉၈၈၈၂၀ဝိ/-ကျပ် စုစုပေါင်းငွေကျပ် ၁၄၀၇၀၄၁၇၀ဝိ/- ရရှိလှူဒါန်းနိုင်ခဲ့ ပြီး ယခုတတိယအကြိမ်ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာမိသားစုများ၊ ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဗုဒ္ဓဘာသာနွယ်ဝင်စေတနာရှင် အလှူရှင်များက စုစုပေါင်းငွေကျပ် ၁၁၁၃၇၄၀၀ဝိ/-ကျပ်ကို သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး (၄) ထပ်ဆောင်ဖြစ် မြောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ချီးမြှင့်ကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

            ယခုတည်ဆောက်နေသည့် သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးသည် မော်တော်ယာဉ်ရပ်နားရာ ၂ ထပ်ကား ပါကင်၊  သာသနာ့ဗိမာန်တော်ကြီး(၄)ထပ် ပင်မအဆောက်အဦနှင့် အခြားဆက်စပ်လုပ်ငန်းများပါဝင်ပြီး ပြည်နယ်အ တွင်းရှိ ဗုဒ္ဓဘာသာဝင်များ၏ထည့်ဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် မြို့တစ်မြို့ကို ကိုယ်စားမပြု ဘဲ ပြည်နယ်ကိုယ်စားပြုသည့် ကျက်သရေဆောင်ဂုဏ်ယူစရာပြယုဂ်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။