ဘားအံ - ဖေဖော်ဝါရီ (၈)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၌ နွေးစပါးမျိုးသန့်စိုက်ခင်းများအား သဘာဝမြေဩဇာ နှင့် ဓာတ်မြေဩဇာအချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းအမှတ် (၁၄၁၈-ဃ)တောင်သူဦးကျောက်လုံး၏ နွေစပါး ၉ ဧကစိုက်ခင်း၌ ကျင်းပသည်။
ကွင်းသရုပ်ပြပွဲတွင် လှိုင်းဘွဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးမှဦးဆောင်၍ တောင်သူများအား အီးအမ် ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများ၊ ထီလုံ၊ သမ္ဘာန်၊ သပုထို၊ နောင်သငဲ့ ကျေးရွာအုပ်စုများမှ နွေစပါးစိုက်တောင်သူများက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများမရှင်းလင်းသည်များနှင့်သိရှိလိုသည်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ သည်။
ထို့နောက် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က လှိုင်းဘွဲမြို့နယ်အတွင်း စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှု၊ ရေဘုတ်ရေလှောင်တမံ ရေသောက်ဧရိယာအတွင်း မိုးစပါးနှင့်မိုးသီးနှံစိုက်ပျိုးထားရှိမှု၊ နွေးစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးပြီးစီးမှု၊ ရာသီအလိုက် သီးနှံလျာထားမှုနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံ၊ သမ္ဘာန်၊ သပုထို၊ နောင်သငဲ့ ကျေးရွာအုပ်စုများမှ တောင်သူများနှင့်အတူ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာအချိုးကျ ရောစပ်ကြဲပက်ခြင်းကွင်း သရုပ်ပြခြင်း၊ Seeder နွေစပါးမျိုးစေ့ချကိရိယာအသုံးပြုစိုက်ပျိုးခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး အတွက် ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်သုံးစွဲနည်းပညာပေးကွင်းသရုပ်ပြသခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေး ကြပြီး တောင်သူသိရှိလိုသည်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ကွင်းသရုပ်ပြပွဲသို့တက်ရောက်လာသော နွေစပါးစိုက်တောင်သူများအား သဘာဝမြေဩဇာများ နှင့် ယူရီးယားဓာတ်မြေဩဇာများကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးဆိုင်ရာလိုအပ်ချက်များအား မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။