ဘားအံ - ဖေဖော်ဝါရီ (၁၉)

            ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စုတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက် ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ်(၁၅၀)သိန်းနှင့် ပြည်သူလူထုလှူဒါန်းထည့်ဝင်ငွေများ ဖြင့် တည်ဆောက်ခဲ့သည့် အလင်းစေတမာန်စာကြည့်တိုက်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထန်းတပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥက္ကံသ အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အလင်းစေတမာန်စာကြည့်တိုက်ဖွင့်ပွဲကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက စာကြည့်တိုက်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ စာကြည့်တိုက် ကမ္ပည်းကြေးပြားအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သုတ၊ရသ စာအုပ်စာစောင်ပေါင်း ၄၉၅ အုပ်အား ပညာရပ်အလိုက်စနစ်တကျစင်တင်ထားရှိမှု၊ ကျောင်းသား၊ကျောင်းသူများနှင့်ဒေသခံပြည်သူများမှ စာအုပ်စာစောင် များလေ့လာဖတ်ရှုနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ယင်းနောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က စာကြည့် တိုက်မှစာအုပ်စာပေများကို ဖတ်ရှုပြီးဘဝတိုးတက်အောင်မြင်အောင်ပြုလုပ်ကြပါ၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူ ငယ်များကိုလည်း အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင်တိုက်တွန်း၍ စာကြည့်တိုက်များသို့သွားရောက်ပြီး စာပေ ဖတ်ရှုခြင်း၊ စာကြည့်တိုက်၏တန်ဖိုးကိုသိကြခြင်းဖြင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

            ထို့နောက် အလင်းစေတမာန်စာကြည့်တိုက်အတွက် စေတနာရှင်အလှူရှင်များက ငွေပဒေသာပင်များပေးအပ် လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ သုတ၊ရသစာအုပ်စာစောင် အုပ်ရေ ၁၀၀ ကိုပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေး ဝန်ကြီးကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

            ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက စာကြည့်တိုက်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ စာအုပ်စာစောင်နှင့်ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံလွှဲပြောင်းပေးအပ်ကာ ရပ်မိ ရပ်ဖတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။