ဘားအံ - မေ (၆)

            ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီမှကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များတွင်ဖွင့်လှစ်သည့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး  ဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖွင့်ပွဲကို မေလ ၆ ရက်နေ့ နံနက် ၈ နာရီက အစိုးရနည်းပညာအထက် တန်းကျောင်း နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

            ကာလတိုသင်တန်းများအဖြစ် အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၂၅)နှင့်(၃/၂၀၂၅)၊အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၅)၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းအခြေခံနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်း(၂/၂၀၂၅)တို့ကိုဖွင့်လှစ် ခြင်းဖြစ်ပြီး သင်တန်းသား၊သင်တန်းသူစုစုပေါင်း ၁၁၈ ဦးတက်ရောက်ကြကာ သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊သင်တန်းသူများအနေဖြင့် မိမိတို့တက်ရောက်သင်ကြားကြမည့် သက်ဆိုင် ရာသင်တန်းများကို စိတ်ပါဝင်စားစွာနှင့်အချိန်ကိုအကျိုးရှိစွာအသုံးချ၍ အားစိုက်သင်ယူကြစေလိုကြောင်း၊  သင်တန်း ပြီးစီးပါက သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ မိမိတို့၏မိသားစု၊ ရပ်ရွာ ဒေသ၊ ပြည်နယ်နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊သင်တန်းသားများအား သက်ဆိုင်ရာသင်တန်းများအလိုက် သင်ထောက်ကူပစ္စည်းများချီးမြှင့်ပေးအပ်ပြီး ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကာ သင်တန်းခန်းမများအတွင်း သင်တန်းသား၊သင်တန်းသူများအား ကျွမ်းကျင်နည်းပြများက စာတွေ့/လက်တွေ့သင် ကြားပို့ချပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

            နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဦးလည်မသုန်အစဉ်ကာကွယ်နေသော၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကိုထမ်းဆောင်နေကြသော၊ တရားသောစစ်ကိုဆင်နွှဲနေသည့် ရှေ့တန်းရောက်တပ်မတော်သား များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ မေတ္တာ၊ စေတနာအပြည့်ဖြင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ဝန်ထမ်းများ ကိုယ်တိုင်စိတ်အားထက်သန်စွာဖြင့် ကြော်လှော်ချက်ပြုတ် ထုပ်ပိုးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

            ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝန်ထမ်းမိသားစုများကိုယ်တိုင် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ကြက်သွန်၊ ဗလချောင်ကြော်များ ကြော်လှော်ချက်ပြုတ်နေမှု၊ ကြော်လှော်ချက်ပြုတ်ပြီး စားသောက်ဖွယ်ရာများနှင့် အသင့်စားသုံးနိုင်သည့် အစားအစာများအား သန့်ရှင်းသပ်ရပ်စွာနှင့် စနစ်တကျ ထုပ်ပိုးပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

            ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းငွေကျပ် ၇၈၉၄၀၀၀ဝိ/- (ခုနှစ်ရာရှစ်ဆယ့်ကိုးသိန်းလေးသောင်း)တန်ဖိုးရှိ ငါးပိကြော်၊ ငါးခြောက်ကြော်၊ ငါးသေတ္တာ၊ အချိုရည်၊ ကော်ဖီမစ်၊ မြေပဲဆားလှော်၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ဖွယ်ရာများကို “တရားသောစစ်အောင်ရမည်” စာတမ်းပါစက္ကူဂျပ်ဖာများဖြင့် ထုပ်ပိုး၍ စနစ်တကျ ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါသည်။