ဘားအံ - ဇွန် (၂၅)

            ကရင်ပြည်နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လူထု အသိပညာပေးလှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့အဝင် ရတနာဆင်ဖြူတော်လေးစီးပါဝင်သော ဖားစည်အဝိုင်း၌ ကျင်းပသည်။

            ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာစိုက်ထူပွဲသို့ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက နှင့်အဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများတက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် သတ်မှတ် ပြီး အောက်တိုဘာ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ စာရင်းစစ်ခြင်းလုပ်ငန်းနှင့် အစီ ရင်ခံစာထုတ်ပြန်ခြင်းဟူသည့် ပင်မလုပ်ငန်းစဉ်(၄)ရပ်ဖြင့်အကောင်အထည်ဆောင်ရွက်လျက်ရှိကြောင်း၊ ရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကထားစံပြုရမည့်အချက်အလက် များဖြစ်ရာ  ပြည်သူအားလုံးမှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြား သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လူထု အသိပညာပေးလှုံ့ဆော်ရေး မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကြ ကာ ဘင်ခရာ၊ ပန်းပွား၊ အိုးစည်ဒိုးပတ်နှင့် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ၍ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

            ယနေ့ကျင်းပသည့် လူထုအသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းသည် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း ကျန်ခရိုင်များတွင်လည်း ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ မြေစိုက်ပိုစတာများဆက်လက်စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။