ဘားအံ - မေ (၇)

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့်အလှူရှင်များက လှူဒါန်းသည့်စားသောက်ဖွယ်ရာများချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကိုပင်ပဓာန မထားပဲတာဝန်ထမ်းဆောင်နေကြသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဆောင် ရွက်ပေးနိုင်သည့်နည်းလမ်းများဖြင့် အားပေးကူညီခြင်းဖြစ်ကြောင်း၊ ယခုလှူဒါန်းခြင်းသည် သတ္တမအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး ငွေကျပ် ၇၈၉ သိန်းကျော်တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ အန္တရာယ်ကင်းဘေးရှင်း၍ တိုက်ပွဲတိုင်းအောင်မြင်နိုင်စေရန် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၇၈၉၄၀၀၀ဝိ/-(ခုနှစ်ရာရှစ်ဆယ်ကိုးသိန်းလေးသောင်း)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးထံ ချီးမြှင့်ပေးအပ်ပြီး အမှတ်(၂၂) ခြေလျင်တပ်မဌာနချုပ်နှင့်လက်အောက်ခံတပ်ရင်းများမှ ကျဆုံးအရာရှိ/စစ်သည်များအတွင် ငွေကျပ် ၁၂၈၀ သိန်းကို တပ်မမှူးထံချီးမြှင့်ပေးအပ်ကာ လှူဒါန်းပေးကြသော ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ယနေ့ပေးအပ်လှူဒါန်းပွဲတွင် ငါးပိကြော်၊ ငါးခြောက်ကြော်၊ အချိုရည်၊ ကော်ဖီမစ်၊ မြေပဲဆားလှော်၊ ဆေးရွက်ကြီး (ဒါးလှီး)၊ ဇလုံကြီးအနှစ်ထုပ်၊ ခေါက်ဆွဲခြောက်၊ ကြံသကာ အစရှိသော စားသောက်ဖွယ်ရာများကို ဝန်ထမ်းများ ကိုယ်တိုင် စိတ်အားထက်သန်စွာကြော်လှော်ချက်ပြုတ်ထုပ်ပိုး၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် လှူဒါန်းပြီးခဲ့သည့်(၇)ကြိမ်အတွင်း စုစုပေါင်းငွေကျပ် (၃၃၉၆)သိန်းတန်ဖိုးရှိ စားသောက်ကုန်များကို ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။