ဘားအံ - စက်တင်ဘာ (၂)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ (၉၀ x ၃၀)ပေ RC တစ်ထပ်၊ ပညာ့ဆိင့်ပြေလင်ဍာ(ပွန်ညာ့ဆိန့်ပလေလောင်ဒါ) ခန်းမဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါခန်းမဆောင်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရသေ့ပျံတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓိအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ခန်းမဆောင်သစ်ဖွင့်ပွဲကို ကျင်းပရာ ရသေ့ပျံတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓိ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ခန်းမဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ရသေ့ပျံကျေးရွာ လူကြီး၊ လူငယ်လူရွယ်ယဉ်ကျေးမှုအဖွဲ့များ အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ခန်းမဆောင်သစ်၏ ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။
ယင်းနောက် အဆိုပါခန်းမဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို အဆိုပါ ခန်းမဆောင်သစ်၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပညာသင်ကြားမည့်အရွယ် သားသမီးများအားလုံး ပညာသင်ကြားစေရန်နှင့် ကျောင်းနေမြဲရေးအတွက် မိဘများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော် ဆောင်များအနေဖြင့်လည်း ကြီးကြပ်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း၊ မိမိတို့၏သားသမီးပညာသင်ကြားခွင့် ကိုလမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ဆရာမများအနေဖြင့်လည်း ပညာ ရည်ထူးချွန်ပြီး နိုင်ငံအတွက်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော တပည့်ကောင်းများပေါ်ထွက်လာအောင် သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ခန်းမဆောင်သစ်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ က ခန်းမဆောင်သစ်လှူဒါန်းဆောက်လုပ်ခြင်း နှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး ခန်းမဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြား ရေးမှူးထံ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ကာ ရသေ့ပျံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့်ခန်းမဆောင်သစ်ကို ရသေ့ပျံတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓိ ဦးစီးပြီး ရသေ့ပျံကျေး ရွာသူ၊ကျေးရွာသားစေတနာရှင်အလှူရှင်များက စုပေါင်းဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမဆောင်သစ်ဖွင့်ပွဲနှင့်လွှဲပြောင်းပေးအပ်ပွဲသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရသေ့ပျံကျေးရွာ၊ ကွင်းအမှတ် ၁၀၀၆(က)၊ ရသေ့ပျံကွင်းတွင် ရေကြီးနစ်မြုပ်ထိခိုက်သွားသော ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မိုးစပါး (RS-CS)မျိုးစေ့ထုတ် စံပြစိုက်ခင်း(၁၂)ဧကတွင် တောင်သူများစုပေါင်း၍ သဘာဝမြေဩဇာနှင့်ယူရီးယားဓာတ်မြေဩဇာ အချိုးကျရောစပ် ကြဲပက်ခြင်း၊ ထိခိုက်ပျက်စီးသွားသောမိုးစပါးစိုက်ခင်းများအား ပြန်လည်အစားထိုးစိုက်ပျိုးခြင်းတို့ကို ကြည့်ရှုအားပေး ပြီး ပြည်နယ်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးမိုးစပါးစိုက်ခင်းများ ပြန်လည်ကုစားစိုက်ပျိုးရာတွင် လိုအပ်သော သွင်းအားစုများကူညီဖြည့်ဆည်းပေးနိုင်ရေး၊ တောင်သူအကျိုးစီးပွားကာကွယ်မြှင့်တင်နိုင်ရေး၊ မိုးစပါးအပြင် အခြား သီးနှံများကိုလည်း စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများဆောင်ရွက် ပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီးမိုးစပါးဧကများအနက် ၂၉၃၄၉ ဧက ရေကြီးနစ် မြုပ်၍ ၁၈၆၆၉ ဧကထိခိုက်ခဲ့ပြီး ၈၁၉၀ ဧက ပျက်စီးခဲ့ရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ဆက်စပ်ဌာနများ ပူးပေါင်း၍ ထိခိုက်ဧကများအား ပြန်လည်ကုစားလျက်ရှိကာ ပျက်စီးဧကများ ပြန်လည်စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ပါသည်။















