ဘားအံ - မေ (၂)

            ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း မိုးစပါး ၄၁၇၁၅၁ ဧက စိုက်ပျိုးရန်လျာထားပြီး လျာထားဧကပြည့်မီ ကျော်လွန်ရေးနှင့်တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တောင်သူစည်းရုံးပညာပေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် မေလ ၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ၊ ကွင်းအမှတ်-၁၂၁၀၊ တရုတ်လှကွင်း၌ တောင်သူစည်းရုံးပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ဓါတ်မြေဩဇာအသုံးပြုမှုကိုလျော့ချ၍ မြေဆီ ဩဇာကောင်းမွန်ရေးရေရှည်အကျိုးဖြစ်ထွန်းစေသော သဘာဝမြေဩဇာများကိုတွင်တွင်ကျယ်ကျယ်အစားထိုးသုံးစွဲ လာစေရန် သဘာဝအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းကို လက်တွေ့ပြုလုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တရုတ်လှ၊ ရဲသာ(ကမော့ကစင်)၊  ထောင်ဝိ၊  ကော့ကျိုက်၊ ကော့လှိုက်၊  တော်ပုံ၊ ဝင်းကျန်ကျေးရွာများမှတောင်သူများ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်က အီးအမ်ဘိုကာရှီပြုလုပ်သုံးစွဲ ခြင်း၏အကျိုးကျေးဇူးများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ဖြန့်ဖြူးပေးနေမှု၊ ပိုက်ဆံလျှော်ကြဲပက်စိုက်ပျိုး အသုံးပြုခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်ကတောင်သူများအား ပြန်လည် ပြုလုပ်သုံးစွဲကြရန်တိုက်တွန်းပြောကြားသည်။

            ထို့နောက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ကျင်းပရာ တက်ရောက် လာကြသော မိုးစပါးစိုက်ပျိုးမည့်တောင်သူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို တစ်တင်းလျှင် လေးဧကနှုန်းဖြင့် စုပေါင်းကြဲပက်သရုပ်ပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေး၍ မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့(၆၅) တင်းကို အခမဲ့ချီးမြှင့်ပေးအပ်ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကွင်းအမှတ်(၁၂၁၀)တရုတ်လှကွင်းရှိ တောင်သူ ဦးမောင်မျိုးမြင့်၏ နွေစပါးဆင်းသုခစိုက်ခင်းအား ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှု အားပေးကြသည်။

            ယခုနှစ် မိုးစပါးလျာထားဧကပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီ ကျော်လွန်ရေးအတွက် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ပိုက်ဆံလျှော်မျိုးစေ့တင်း(၁၀၀၀)ကိုတောင်သူများထံအခမဲ့ဖြန်ဝေ ပေးထားပြီး  လက်တွေ့ကြဲပက်သရုပ်ပြသခြင်း၊ မိုးကြိုထယ်ရေး/နွေထယ်ရေးခံခြင်း ပညာပေး ဆောင်ရွက်ပြသခြင်း၊ မြေဆီဩဇာကောင်းမွန်ရေးမြေယာပြုပြင်ခြင်း၊ သဘာဝမြေဩဇာ၊ နွားချေး၊ အမှိုက်ဆွေးများ စုပေါင်းထည့်သွင်းခြင်း၊ စူပါအီးအမ်ဘိုကာရှီများလက်တွေ့ပြုလုပ်ပြသခြင်း၊ မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်း၊ ဆောင်ရွက်မည့်နည်း စနစ်များပညာပေးဆွေးနွေးဟောပြောခြင်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှကျေးရွာရှိ တောင်သူဦးစောကျော်ဦး၏ ဥစားကြက်(၁၅၀၀)ကောင် မွေးမြူရေးခြံ၊ တရုတ်လှလျှပ်စစ်မြစ်ရေတင်၏ လက်တံမြောင်းမှရေကိုရယူ၍ ခဝဲနှင့်ငရုတ် (၈)ဧကကို စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသော တောင်သူဦးမျိုးဇော်မြင့်၏ စိုက်ပျိုးရေးခြံနှင့် စိစစ်ဧက ၁၀၀၀ ကျော်အား စိုက်ပျိုးရေပေးဝေနိုင်သည့် တရုတ်လှလျှပ်စစ်မြစ်ရေတင်စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်စွာဦးက တရုတ်လှမြစ်ရေတင်၏ရေပေးဝေမှုအခြေအနေ၊ လျှပ်စစ်မီးရရှိမှုအခြေအနေနှင့်ဆိုလာစနစ်တပ်ဆင်မည့်အခြေအနေ များကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။