ဘားအံ - ဇွန် (၁၇)

            ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ဆက်ကပ်လှူဒါန်းပွဲမဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

            ဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုဝါကပ်တော်မူကြမည့် ဆရာတော်၊သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး ဖွဲ့စည်းပေးထားသည့်ကော်မတီများအလိုက်လုပ်ငန်းတာဝန်များကို ခွဲဝေပေးထားကာ  အခက်အခဲများ၊လိုအပ်ချက်များရှိပါက ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးပေးကြစေလိုပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ကရင်ပြည်နယ်တွင် နှစ်စဉ်မိုးစပါးဧကလေးသိန်းကျော်ကို စိုက်ပျိုးလျက်ရှိပြီး မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် စိုက်ပျိုးရေးသမဝါယမအသင်း(၅)သင်းအား ပြည်နယ်သမဝါယမဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငွေကျပ် (၆၁)သန်းခန့်တန်ဖိုးရှိသွင်းအားစုများကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သမဝါယမအသင်းများဖြစ်သည်နှင့်အညီ လုပ်ငန်းဆောင်ရွက်မှုများကို အသင်းအဖွဲ့ဖြင့်စုပေါင်းဆောင်ခြင်းဖြစ်သည့်အတွက် အသင်းသားများအနေဖြင့် တစ်ဦးချင်းအချိန်ကုန်လူပန်း သက်သာခြင်း၊ ကုန်ကျစရိတ်လျော့ချနိုင်ခြင်း၊ စုပေါင်းရောင်းဝယ်သည့်စနစ်ကျင့်သုံးနိုင်ခြင်း၊ ဝိုင်ဝန်းထိန်းကျောင်း နိုင် ခြင်းစသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သည့်အပြင် အသင်း၏လုပ်ငန်းလည်ပတ်နိုင်သည်နှင့်အမျှ အသင်း၏ဝင်ငွေ ရန်ပုံငွေရရှိပြီး ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်မည်ဖြစ်သည့်အတွက် ဦးဆောင်သည့်အသင်းအမှု ဆောင်များအနေဖြင့် အများအကျိုးကို အလေးထားပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။

            ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ဆုယဉ်မြင့်က မိုးစပါးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က စုစုပေါင်းငွေကျပ်(၆၁)သန်းခန့်တန်ဖိုးရှိ ဓာတ်မြေဩဇာများနှင့် မျိုးစေ့ချကိရိယာများကို စိုက်ပျိုးရေးသမဝါယမ အသင်း(၅)သင်းထံထောက်ပံ့ပေးအပ်ရာ သမဝါယမအသင်းသားများကိုယ်စား အမှုဆောင်တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမအသင်းများ၊ ဝန်ထမ်းများနှင့်စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး အသင်းသား၊အသင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ယနေ့ထောက်ပံ့ပေးအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများနှင့်မျိုးစေ့ချကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။