ဘားအံ - ဇန်နဝါရီ (၄)

            ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနား နှင့် သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကျင်းပသည်။ 

            ဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကိုကျင်းပရာ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်က အကြီးအမှူးအဖြစ်ဆောင်ရွက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ဂုဏ် ပြုတပ်ဖွဲ့၊ အလံစောင့်တပ်ဖွဲ့နှင့် အလံတင်အရာရှိများက နိုင်ငံတော်အလံကိုတိုင်ထိပ်သို့လွင့်ထူခဲ့ကြကာ တက်ရောက်လာ သူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။ 

            ထို့နောက် နံနက်(၇)နာရီတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ဆက် လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်း ချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။ 

            အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦးက ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး တက်ရောက်လာသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောအာဇာနည်ခေါင်း ဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အားအလေးပြုကြကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့ သော ၂၀၂၆ ခုနှစ်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားသည်။ 

            ထို့နောက် အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် ဘင်ခရာစစ်တီးဝိုင်းအဖွဲ့က အထင်ကရကရင်တေး သီချင်းများကို တီးမှုတ်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့၊ စစ်တီးဝိုင်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ 

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသ ထားသော ကရင်၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ ရှမ်းတိုင်းရင်းသားရေးရာပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း(MSMEs)ထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီး၍ ပျော်ပွဲရွှင်ပွဲများအဖြစ်ကျင်းပပေးသော  စကောရွက်၊ ခေါင်းအုံးရိုက်၊ အာလူးကောက်၊ ခြေသုံးချောင်းထောက်၊ အုန်းသီးရိုက်၊ အပ်နှဖားထိုး၊ ဘောလုံးဂိုးသွင်း၊ ချောတိုင်တက်ပြိုင်ပွဲများ အားကစားပွဲများအဖြစ်ကျင်းပပေးသော မ(၄၀)နှစ်အထက်နှင့် ကျား(၅၀)နှစ်အထက် သီရိကွင်းပတ်အပြေးပြိုင်ပွဲ၊ ပိုက် ကျော်ခြင်းပြိုင်ပွဲ၊ ဌာနပေါင်းစုံအမျိုးသား/အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ တို့ကိုကြည့်ရှု့အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက နှင့်အဖွဲ့ဝင်များက ဆုရရှိကြသူများအားဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ  ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကရင်ပြည်နယ်ပညာရေး စုံညီပွဲတော်ကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ကရင်ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)များမှ ကျောင်းသား၊ကျောင်းသူများ၏ ဘင်ခရာ၊ပန်းပွားသရုပ်ပြတင်ဆက်မှု၊ ကဗျာလွတ်အက၊ မြန်မာ့သိုင်းသရုပ်ပြတင်ဆက်မှု၊ ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၃)(၄)၊ Fitness Exercises တို့ဖြင့်တင်ဆက် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ဖွဲ့လျှင်ငွေကျပ်(၃)သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရိုင်၊မြို့နယ် ပညာရေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။

            ဆက်လက်၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကို အဆိုပါအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ဆက်လက် ကျင်းပရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက စုံညီပွဲတော်တို့နွဲပျော် တေး သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားကာ ပြည်နယ်ပညာရေးမှူး ရုံးမှ ညွှန်ကြားရေးမှူးက ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဘက်စုံပညာထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက တို့ကျောင်းတော် သီချင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ခွင့်လွှတ်ပါဆရာ သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။