ဘားအံ - ဇူလိုင် (၁၄)

            ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ ကြီးမှူးဖွင့် လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ က ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းတက်ရောက်ကြမည့်မောင်တို့မယ်တို့သည် သင်တန်းကို အောင်မြင်ပြီးမြောက်ပါက ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတွင် စေတနာလုပ်အားရှင်မောင်မယ်များအဖြစ် လူမှုအသိုင်းအဝိုင်းအတွင်း လူသားချင်းစာနာထောက်ထားမှုကိုအခြေခံသည့် ရှေးဦးပြုစုခြင်းအလေ့အကျင့်ကောင်းများ ကို အရင်းခံပြီး မိမိတက္ကသိုလ်အကျိုးပြု၊ ပြည်သူအကျိုးပြု၊ နိုင်ငံအကျိုးပြု လူမှုကရုဏာလုပ်ငန်းများတွင် ယခုထက် ပိုမိုပြီးစံနမူနာပြ စွမ်းစွမ်းတမံတက်တက်ကြွကြွပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းတင်ပြကာ အဆိုပါသင်တန်းကို ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ဘားအံတက္ကသိုလ် ဘာသာရပ် အသီးသီးမှ သင်တန်းသား၊သင်တန်းသူ ၁၉၂ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

            ဆက်လက်၍ ကရင်ပြည်နယ်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ခရိုင်/မြို့နယ်တိုးတက်ခိုင်မာအားကောင်းသည့်လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုင်းအဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းလုပ်ငန်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး လုပ်ငန်းစီမံချက် ခြောက်လကြာအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်သည့် စုပေါင်းအင်အားကိုပါ လှုံ့ဆော်စည်းရုံးရယူ၍ ပိုမိုကောင်းမွန်သော နိုင်ငံတော်သစ်ကို တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကျရောက်လာနိုင် သည့် သဘာဝဘေးဆိုးကြီးများကို ထိရောက်ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်းလုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအပြင် ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူမှုပရဟိတအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များနှင့်ပြည်သူ လူထုအားလုံး ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ပူးပေါင်းပါဝင်လာနိုင်ရေး တတ်စွမ်းသမျှအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လူမှုအဖွဲ့အစည်းပေါင်းစုံပါဝင်သည့်စီမံချက်များရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြပြီး အတွင်းရေးမှူးနှင့်တွဲဖက်အတွင်းရေးမှူးများက သဘာဝ ဘေးဒဏ်သင့်ပြည်သူများအတွက် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အခြေခံလို အပ်ချက်များ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ၊ ပညာရေးဆိုင်ရာဖြည့်ဆည်းမှုများ၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ သက်မွေးဝမ်းကျောင်းဆိုင်ရာကူညီမှုများ၊ သဘာဝဘေးအသိပညာပေးလုပ်ငန်းများနှင့် ကူညီ ဆောင်ရွက်ပေးမည့်လုပ်ငန်းများ၊ ဆောင်ရွက်မည့်ဧရိယာနှင့်နည်းလမ်းများကို ဆွေးနွေးတင်ပြကြကာ ပြည်နယ်ကော် မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေးတင်ပြကြသည်။

            ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စာကြည့်တိုက်များဖွင့်လှစ်ထားရှိမှု၊ သဘာဝဘေးကြိုတင်ပြင်ဆင်ထားရှိမှုများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။