ဘားအံ - မတ် (၁၁)
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၊ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ပန်းချီပညာရှင်များပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ ကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းတို့တွင် သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦး တက်ရောက်သင်ကြားလျှက်ရှိကြောင်း မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပသည့် သင်တန်းများဖွင့်ပွဲမှသိရသည်။
သင်တန်းများဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၏အခြေ ခံအချက်သည်ပညာတတ်ပေါကြွယ်ဝခြင်းဖြစ်ပြီး အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသည့်လူသားအရင်းအမြစ်ကောင်း များမဖြစ်မနေလိုအပ်သည့်အတွက်ကြောင့် ယခုကဲ့သို့လူငယ်လူရွယ်များ၏ အသိဉာဏ်ရေချိန်မြင့်မားစေရန် ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်ကြားပို့ချပေးသည့်ပညာရပ်များကို အခြေခံတတ်မြောက်ခြင်းမှသည်ကျွမ်းကျင်အသုံးပြု နိုင်သည်အထိ လေ့လာမှတ်သားရယူစေချင်ပြီး ပညာရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်များတွင် အထိုက်အလျောက် အထောက်အကူဖြစ်စေနိုင်သည့်အတွက်ကြောင့် ကြိုးကြိုးစားစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးမောင်မောင်က သင်တန်းဆိုင်ရာ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်း(၃)မျိုး၊ ရက်ပေါင်း(၂၀)အတွက် ငွေကျပ် သိန်း(၄၀)ကျပ်ကို ပြည်နယ်ညွှန်ကြားရေးမှူးထံ ချီးမြှင့်ပေးအပ်ကာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရွေ့လျားမော်တော်ယာဉ်စာကြည့်တိုက်၊ သင်တန်းခန်းမများအတွင်း အခြေခံ (Grammar)သင်တန်း၊ အခြေခံကွန်ပျူ တာ၊ အခြေခံပန်းချီသင်တန်းများ သင်ကြားပို့ချပေးနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။