ဘားအံ - နိုဝင်ဘာ (၃)
နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ ၊ အခြေခံပညာအထက်တန်းကျောင်းရှိ (၉၀ ပေ x ၃၀ပေ) RC တစ်ထပ်ကျောင်းဆောင် သစ်ဖွင့်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
အဆိုပါကျောင်းဆောင်သစ်ကို နိုင်ငံတော်အစိုးရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေကျပ် ၂၆၃ ဒဿမ ၈၅၉ သန်းဖြင့် ရွှေမဲကနယ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး RC တစ်ထပ်ကျောင်းဆောင် သစ်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့် ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့နှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်းအားအမွှေးနံ့သာ ရည်များပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါကျောင်းခန်းမ၌ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က ပညာရေးဌာနအနေဖြင့် ယခုကျောင်းဆောင်သစ်ကြီးအတွင်း စာရေးခုံများ၊ ပရိဘောဂများ ဖြည့်ဆည်း ဆောင်ရွက်ပေးထားသည်ကိုတွေ့ရှိရပြီး ရေရှည်တည်တံ့ကောင်းမွန်ရန်နှင့် ကျောင်းဝန်းကျင်အစဉ်သန့်ရှင်းသာယာလှပစေ ရန် လက်ရှိကျောင်းတွင် တာဝန်ထမ်းဆောင်နေသူများက ထိန်းသိမ်းစောင့်ရှောက်ပေးကြရမည်ကြောင်း၊ ယနေ့အခမ်း အနားသို့ တက်ရောက်လာကြသောကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏သား၊ သမီးပညာသင်ကြားခွင့်ကိုလမ်းကြောင်းအမှန်သို့ရောက်ရှိအောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ဆရာမများ အနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက်အားထားရသည့်သားကောင်းသမီးမွန်တပည့်ကောင်းများပေါ်ထွက်လာ အောင်သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ယူတည်ဆောက်သည့် ရွှေမဲကနယ်ကုမ္ပဏီက ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများ ကို ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦးက ကျေး ဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
အလားတူ နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန် ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စု ကော့တာမွန်ရွာသစ်ရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ဦးစွာ ကွန်ကရစ်လမ်းကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပဒိုအောင်ဆန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ပဒိုအောင်ဆန်း နှင့် တာ ဝန်ရှိသူများက ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဆုများပေးအပ်ချီးမြှင့်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက လမ်းအားကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်ဖွင့်ပြွအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကော့တာမွန် ကျေးရွာအဝင်လမ်းကို ၂၀၂၅ - ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၄၆၈.၁၈)သန်းဖြင့် (၁၄)ပေ အကျယ် ကွန်ကရစ်လမ်း( ၅ ဒဿမ ၅)ဖာလုံကိုဆောင်ရွက်ပြီးစီး၍ ကျေးရွာ(၁၁)ရွာ၊ အိမ်ခြေ(၈၆၆)အိမ်နှင့် လူဦးရေ (၅၇၇၂)ဦးတို့အား အကျိုးပြုစေမည်ဖြစ်ကာ ၎င်းလမ်းသည် မွန်-ကရင်ပြည်နယ်ချင်းဆက်လမ်းဖြစ်သည့် အိန္ဒု-ဇာသပြင် လမ်းနှင့်ချိတ်ဆက်ထားခြင်းကြောင့်လည်းကောင်း၊ ဘားအံ-မြဝတီ အာရှလမ်းမကြီးနှင့် ချိတ်ဆက်ထားခြင်းကြောင့် လည်းကောင်း၊ ဘားအံ၊ မော်လမြိုင်၊ မြဝတီမြို့များသို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့လျင်မြန်စွာသွားလာနိုင်ပြီး ပြည်နယ်နှစ်ခုလုံးသို့ ထုတ်ကုန်စီးဆင်းနိုင်သည့် အဓိကလမ်းတစ်လမ်းလည်းဖြစ်သည့်အတွက် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ပဒိုအောင်းဆန်းက ဒေသတွင်း ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ ဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော ကျေးရွာ သူ၊ ကျေးရွာသားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။















