ဘားအံ - ဇန်နဝါရီ (၁၄)
သာသနမာမကသာသနာလင်္ကာရအသင်းမှကြီးမှူးပြုလုပ်သော (ဒဿမ)အကြိမ်မြောက် ကရင်ပြည်နယ်ကိုယ်စား ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနမာမက သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီးကို ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဘားအံမြို့၊ ကျက်သရေဆောင် ကြာအင်းတောင်ခြေရှိ တည်ဆောက်ဆဲ သာသနာ့ဝေစည်ဓမ္မဗိမာန်တော် ကြီးတွင် ဆင်ယင်ကျင်းပလျက်ရှိရာ ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် စာမေးပွဲဖြေဆိုနေကြသည့် ရဟန်းသံဃာများနှင့် သာမဏေများအား သွားရောက်ဖူးမြော်ကြည်ညို ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနမာမက သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ သာမဏေကျော်စာမေးပွဲကို ကရင်ပြည်နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊သံဃာ၊သာမဏေ၊ သီလရှင်စုစုပေါင်း ၂၄၂၂ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် စာဖြေ ရဟန်း၊ သံဃာ၊ သာမဏေများ၏ ဖြေဆိုနေမှု များကို လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်းနှင့် စာအောင်ရဟန်း၊သံဃာ၊သာမဏေ၊ သီလရှင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် စာအောင်ဆုချီးမြှင့်အပ်နှင်းမည်ဖြစ်ပြီး ဆွမ်းဆန် စိမ်းလောင်းလှူသွားမည်ဖြစ်ပါသည်။















