ဘားအံ - ဖေဖော်ဝါရီ (၁၉)
မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် (၁၃၀ပေ x ၃၀ပေ) RCC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့်တာဝန်ရှိသူများတက်ရောက်အားပေးချီးမြှင့်ကြပြီး ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြပြီး ကျောင်းဆောင်သစ်အားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမဆောင်၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီ မှ ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးထံလွှဲပြောင်းပေးအပ်ကာ ကျောင်းအကျိုး တော်ဆောင်မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အလားတူ ကရင်ပြည်နယ်ရင်းနှီးမြှုပ်မှုကော်မတီ၏(၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ ရာနှုန်းပြည့်မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုဖြင့် Shwe Ngar Thone Kaung Co.,Ltd အဆင့်မြင့်စားအုန်းဆီသန့်စင်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ခြင်းလုပ်ငန်းကိုအတည်ပြုမိန့်ထုတ်ပေးရန် ကော်မတီမှ ခွင့်ပြုပေးခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဘားအံစက်မှုဇုန်တွင် မတည်ငွေရင်းပမာဏကျပ် ၂၀၀၀ သန်းဖြင့် ဆောင်ရွက်မည့် ရွှေငါးသုံးကောင် အဆင့်မြင့်စားအုန်းဆီသန့်စင်ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းလုပ်ငန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုပါရန်အတည်ပြုလျှောက်ထားလာခြင်းအပေါ် ဆွေးနွေးခဲ့ကြပြီး ကော်မတီအစည်းအဝေးဆုံးဖြတ် ချက်ဖြင့် အတည်ပြုမိန့်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ညီနောင်ဦးကုမ္ပဏီလီမိတက်၏ မြဝတီစီးပွားရေးဇုန်ဖော်ထုတ်ခွင့်သဘောတူစာချုပ်ပြင်ဆင်ချုပ် ဆိုနိုင်ရေးကိစ္စ၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အကွက်အမှတ် ၂၅ (နတ်စင်)၊ မြေဧရိယာ ၃ ဒဿမ ၃၄၄ ဧကတွင် BOT စနစ်ဖြင့် အဆင့်မြင့်ဈေးဝယ်စင်တာတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေသော UHM Development Co., Ltd ၏ လုပ်ငန်းအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြကာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။