ဘားအံ - ဇန်နဝါရီ (၁၈)
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့ ကြီးမှူးကျင်းပ သော တတိယအကြိမ် သုတဓမ္မဝေဖြာ ဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မစကူးလ်စာမေးပွဲ ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဆေးဝင်္ကဘာကျောင်းတိုက်၌ ကျင်းပသည်။
အဆိုပါဆုချီးမြှင့်ပွဲသို့ ကရင်ပြည်နယ်ဓမ္မစကူးကော်မတီ နာယက နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင် ကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော် မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သုတဓမ္မဝေဖြာ ဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မစကူးလ် စာမေးပွဲတွင်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ကရင်ပြည်နယ်ဓမ္မစကူးကော်မတီ နာယက နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းတိုက်ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကရင်ပြည်နယ်ဓမ္မစကူးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် သရက်တောကျောင်း တိုက်ဆရာတော် အရှင်ဂမ္ဘီရဗောဓိက တတိယအကြိမ် သုတဓမ္မဝေဖြာဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မစကူးလ်စာမေးပွဲနှင့်စပ် လျဉ်း၍ ရှင်းလင်းမိန့်ကြားကာ ပြည်နယ်ဝန်ကြီးချုပ်က တတိယအကြိမ် သုတဓမ္မဝေဖြာဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မစကူးလ် စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ငွေကျပ်(၁၃၅)သိန်းကို ဥပသကာတစ်ဦးထံဆက်ကပ်လှူဒါန်း၍ ကြွရောက်ချီးမြှင့် တော်မူကြသော ဆရာတော်ကြီးများနှင့်ပင့်သံဃာများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။
တတိယအကြိမ် သုတဓမ္မဝေဖြာဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မစကူးလ်စာမေးပွဲကို ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ မြဝတီမြို့နယ်(ရွေကုက္ကိုလ်)၊ ထိုင်းနိုင်ငံမဲဆောက်တို့မှ ပထမတန်းမှ နဝမတန်းထိ ကျောင်းသား၊ ကျောင်းသူ ၃၅၄၄ ဦးဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဆရာတော်ကြီးများက မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် စိစစ်ရွေးချယ်၍ ပြည်နယ်ထူးချွန် ပထမဆုမှ ပဥ္စမဆုထိရရှိသူ(၈၈)ဦးကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ကြပြီး ကရင်ပြည်နယ်ဓမ္မစကူးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် သရက်တောကျောင်းတိုက်ဆရာတော် အရှင်ဂမ္ဘီရဗောဓိက သင်တန်းနည်းပြများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။















