ဘားအံ - ဧပြီ (၁)

            မြန်မာနိုင်ငံအတွင်း အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည် တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ အလှူငွေပေးအပ်လှူဒါန်းပွဲကို ကျင်းပသည်။

            လှူဒါန်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ထိခိုက်ခံစားရသည့်ဘေးသင့်ဒေသရှိပြည်သူများ အတွက် လတ်တလောစားဝတ်နေရေးအဆင်ပြေစေရေးနှင့် ရေတို၊ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့တွင် အများအကျိုးသယ်ပိုးလိုသည့်မွန်မြတ်သောစိတ်ထား တို့ဖြင့် လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်းနှင့်ကျရောက်သည့် သဘာဝဘေးအန္တရာယ် ကို ယခုကဲ့သို့အတူပူးပေါင်းပါဝင်ပြီး ရင်ဆိုင်ကျော်လွှားသွားကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။

            ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းအင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုပျက်စီးမှုများ၊ လူအသေအပျောက်၊ ဒဏ်ရာရရှိမှုများ များပြားခဲ့သည့်အတွက် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့ထိကို နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အနေဖြင့် အဆိုပါငလျင် လှုပ်ခတ်ချိန် မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၂ စက္ကန့်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် တစ်မိနစ် ငြိမ်သက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း ၁၉၄ ဦးက ငလျင်ဘေးသင့်ပြည်သူများအတွက်လှူဒါန်းငွေကျပ်၄၉၃၂၉၅၀၀ဝိ/-(လေးထောင်ကိုးရာသုံးဆယ့်နှစ်သိန်းကိုးသောင်း ငါးထောင်ကျပ်)ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

            ကရင်ပြည်နယ်အနေဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် ငလျင်ဘေးသင့်ဒေသမှ ပြည်သူများ အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရေးအတွက် လူမှုကယ်ဆယ်ရေးအသင်းသည် ဘားအံမြို့မှမန္တလေးမြို့သို့သွားရောက်ကာ မန္တလေးလူမှုကယ်ဆယ်ရေးအသင်းနှင့်ချိတ်ဆက်၍ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ခေါက်ဆွဲခြောက်၊ ရေသန့်၊ ငါးသေတ္တာ၊ ပဲနို့ အစရှိသည့်စားသောက်ဖွယ်ရာများ ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။