ဘားအံ - ဒီဇင်ဘာ (၃၀)

            (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၅၁၀ ဒဿမ ၉၃၂ သန်းဖြင့် ဘောနော်ထူး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီးသော ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်း ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

            ယနေ့ဖွင့်လှစ်သောလမ်းသည် မွန်-ကရင်ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ-ဇာသပြင်အဖြောင့်လမ်းနှင့် ချိတ်ဆက်ထားသောလမ်းတစ်လမ်းဖြစ်သည့်အပြင် ကျေးရွာအုပ်စု(၄)အုပ်စု၊ကျေးရွာပေါင်း(၁၈)ရွာတို့ကို အချိန်တိုအတွင်း လွယ်ကူချောမွေ့လျင်မြန်စွာသွားလာ၍ ပြည်နယ်နှစ်ခုလုံးသို့ ထုတ်ကုန်စီးဆင်းနိုင်သည့် အဓိကလမ်းတစ်လမ်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်လာကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး (၁၄)ပေအကျယ် ကွန်ကရစ်လမ်းအရှည်(၆)ဖာလုံအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား ခဲ့သည်။

            ယင်းနောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဓိကလမ်း မကြီးများပေါ်သို့ လွယ်ကူလျင်မြန်စွာရောက်ရှိနိုင်မည့် ကျေးလက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများကို ဆောင်ရွက် ပေးနိုင်ခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများပြည့်စုံကောင်းမွန်လာပြီး ကျေးလက် ထုတ်ကုန်များကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့အမြန်ဆုံးရောက်ရှိခြင်း၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များလည်းအဆင်ပြေချောမွေ့ပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက် ၍ အားပေးစကားများပြောကြားခဲ့သည်။

            ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်းသည် စုစုပေါင်းလမ်းအရှည်(၆)မိုင်(၅)ဖာလုံရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ကွန်ကရစ်လမ်း(၅)မိုင်၊ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင်ကွန်ကရစ်လမ်း(၇)ဖာလုံ၊ ပေ(၂၀) ကွန်ကရစ်တံတားတစ်စင်း၊ Box Culvert တစ်စင်း၊ ၂၀၂၄-၂၀၂၅ ခု ဖြည့်စွက်ရန်ပုံငွေဖြင့် (၁၀)ပေတံတားတစ်စင်းနှင့် Box Culvert တစ်စင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းသစ်(၆)ဖာလုံတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ကာ ယခုအခါ လမ်းအရှည်အားလုံး (၁၀၀)ရာခိုင်နှုန်း ကွန်ကရစ်လမ်းအဖြစ် ချိတ်ဆက်သွားလာနိုင်ပြီဖြစ်ပါသည်။