ဘားအံ - ဇွန် (၈)

            ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန် လူတိုင်းသက်ရှည် ကျန်းမာစွာနေထိုင်နိုင်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ ပြည်သူများ အနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ်သောရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ လက်လှမ်းမီရရှိခြင်းဖြင့် ကျန်းမာသက်ရှည်စွာနေထိုင်နိုင်စေရေးလုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင် ရွက်ပေးခဲ့သည်။

            ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကု ဆရာဝန် ကြီးများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ဘားအံပြည်သူ့ဆေးရုံကြီးကို ကုတင် ၂၀၀ ဆံ့ဆေးရုံ အဖြစ်မှ ကုတင် ၅၀၀ ဆံ့ပြည်သူဆေးရုံသို့ အဆင့်မြှင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဓိကကျသည့် လူသားအရင်းအမြစ် များလုံလောက်မှုရှိပါက တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်ချိန် တွင်လာရောက် ကြည့်ရှုစောင့်ရှောက်ကူညီပေးကြသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်းပြောကြားပြီး အထူးကု ဆေးကုသရေး အစီအစဉ်အတွက် ငွေကျပ် ၂၂၁၈၅၀၀၀ (နှစ်ရာနှစ်ဆယ့်တစ်သိန်းရှစ်သောင်းငါးထောင်)ကို ပေးအပ် လှူဒါန်းသည်။

            အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ဆေးပညာအထူးကု၊ နှလုံးဆေးကုအထူးကု၊ ဦးနှောက်နှင့် အာရုံကြောဆေးကုအထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု၊ ကင်ဆာဆေးပညာအထူးကု၊ ရင်ခေါင်းဆေးကု အထူးကု၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကု၊ ကလေးအာရုံကြောဆေးကုအထူးကုဆရာဝန်ကြီးများပါဝင်ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများအား လိုအပ်သောရောဂါရှာဖွေစမ်းသပ်မှုများနှင့်ကုသမှုများကို ဆောင်ရွက်ပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လာရောက်ပြသကုသမှုခံယူကြသော ဒေသခံပြည်သူ များကို အားပေးစကားပြောကြားကာ နေ့လည်စာအဟာရများ လှူဒါန်းထောက်ပံ့ခဲ့ကြသည်။

            ယခုအထူးကုဆေးကုသရေးအစီအစဉ်ကို ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် အထူးကုဆရာဝန်ကြီးများက နှစ်ရက်ကြာကုသမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏စာရင်းများအရ ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်ရန် ကြိုတင်စာရင်းပေးပို့ကောက်ခံရရှိထားသူပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

            ဆက်လက်၍ ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီမှ ကြီးမှူး၍ နွေရာသီကျောင်း အားလပ်ရက်တွင် ဖွင့်လှစ်သည့် သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲကို ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

            ယနေ့သင်တန်းဆင်းပွဲတွင် အခြေခံကွန်ပျူတာသင်တန်း(၃/၂၀၂၄)၌ သင်တန်းသား၊သင်တန်းသူ(၂၂)ဦး၊ မိတ် ကပ်နှင့်ဆံပင်အလှပြုပြင်ခြင်းသင်တန်း(၂/၂၀၂၄)၌(၂၁)ဦး၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်ခြင်း(၁/၂၀၂၄)၌ (၂၁)ဦး စုစုပေါင်းသင်တန်းသား၊သင်တန်းသူ ၆၄ ဦး သင်တန်းဆင်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်း သား၊သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့သည့်သင်တန်းအမျိုးအစားအလိုက် ကိုယ်စွမ်း၊ဉာဏ်စွမ်းနှင့်ဝီရိယတို့ အား ပေါင်းစပ်၍ လုပ်ကိုင်ဆောင်ရွက်မှသာသင်ယူခဲ့သည့်ပညာရပ်များသည် အကျွမ်းတဝင်တတ်မြောက်နိုင်မည်ဖြစ် ကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိတတ်ကျွမ်းသည့် ပညာရပ် များနှင့် မိမိရပ်ရွာအကျိုး၊ မိမိဒေသအကျိုး၊ ပြည်နယ်နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းများတွင် ထူးချွန်ဆုရရှိကြသူ များနှင့်သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသားတစ်ဦးကကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊သင်တန်းသူ များအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်ထားသော သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။