ဘားအံ  - ဒီဇင်ဘာ (၂၇)

            ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါလမ်းသစ် မုခ်ဦးတည်နေရာ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော် နှင့်ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)KNU-KNLA(PC)၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့မှကိုယ်စားလှယ်များ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လှိုင်းဘွဲမြို့ အဝင်၌ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲကို သေနတ်ပစ်ဖော်တာလွှတ်ပေးခဲ့ပြီး အဆိုပါ ပြိုင်ပွဲကို အမျိုးသမီးအလွတ်တန်းပြိုင်ပွဲ၊ အမျိုးသားအသက်(၄၀)အထက်ပြိုင်ပွဲ၊ အမျိုးသားအသက်(၄၀)အောက်ပြိုင် ပွဲ ဟူ၍ အတန်း(၃)တန်းခွဲ၍ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၀၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

            ထို့နောက် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင်ပါဝင် အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ လမ်းအားဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ယင်းနောက် လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အထက်ပိုင်ကျုံလမ်းသည် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့်ပိုင်ကျုံ-ထီလုံ-တာပေါင်-ပတ-နဘူလမ်းကို ဆက်သွယ်ထားသောလမ်းမကြီးဖြစ်သည့်အပြင် ထန်းတပင်ကျေးရွာနှင့်ပိုင်ကျုံမြို့ကို ဆက်သွယ်ထားသည့်ကျေးရွာ ချင်းဆက်လမ်းဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ကွန်ယက်လမ်းတစ်လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံကြံခိုင်ရေး ဒေသခံများမှ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြ ရန် တိုက်တွန်းပြောကြားပြီး  KNU ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧက အမှာစကားပြောကြားကာ ဒေသခံ ပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။