ဘားအံ - ဒီဇင်ဘာ (၁၂)
ကရင်သက္ကရာဇ်(၂၇၆၅)ခု၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ ချယ်ရီ(၂)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကွန်ကရစ်လမ်း သစ် မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အဆိုပါကွန်ကရစ်လမ်းသစ်ကို ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ(၁၇၁ ဒဿမ ၇ သန်း)ဖြင့် ဘားအံမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အရှည်(၁၇၂၀)ပေ၊အကျယ်(၁၄)ပေ၊ လမ်းသားထု(၆)လက်မရှိ ကွန်ကရစ်လမ်းသစ်ကို ဆောင်ရွက်ပြီးစီး ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လှာကမြင်မြို့ကွက်သစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း(၈)လမ်း၊ စုစုပေါင်းပေရှည်(၈၇၂၂)ပေ၊ Box Culvert (၄)စင်း၊ ရေနုတ်မြောင်း(၁)ခု၊ အားကစားရုံသစ်ကားပါကင်နှင့်မြေယာရှုခင်းလုပ်ငန်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး ဖြည့်စွက် ရန်ပုံငွေတွင်လည်း ကွန်ကရစ်လမ်း(၈)လမ်းကို ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဒေသခံများ၏လိုအပ်ချက်နှင့် နောင်လူဦးရေသိပ်သည်းမှုကိုခန့်မှန်း၍ ရေရှည်တည်တံ့သောမြို့ပြစီမံကိန်း(Sustainable Urban Plan)ရေးဆွဲကာ အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လှာကမြင်ကွက်သစ်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အားဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်ဘင်ခရာ၊ပန်းပွားအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများနှင့်အတူ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ကရင်ပြည်နယ်အစိုးရအဖွဲ့ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဆိုလာတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အိန္ဒုပအိုဝ်းကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသားများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။















