ဘားအံ - ဖေဖော်ဝါရီ (၂၇)

            ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ဆီထွက်သီးနှံများကို နှစ်အလိုက်တိုးချဲ့စိုက်ပျိုးလျက် ရှိရာ ယခုနှစ်တွင် ဆောင်းဆီထွက်သီးနှံ ၇၃၈၈၂ ဧကစိုက်ပျိုးရန်လျာထားခဲ့ပြီး   ၇၅၈၅၃ ဧကစိုက်ပျိုးပြီးစီးခဲ့ကာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဆောင်းသီးနှံ(မြေပဲ)စံကွက်ရိတ်သိမ်းပွဲကို ဘားအံမြို့နယ်၊ ကော့လှိုက် ကျေးရွာ၊ ကော့လှိုက်ကွင်းရှိ တောင်သူဦးစောထွေးနိုင်၏ ဆင်းပဒေသာ-၁၂  ဆောင်းမြေပဲစိုက်ခင်း၌ ကျင်းပရာ တစ်ဧက ၁၂၄ ဒဿမ ၈၅ တင်း ထွက်ရှိကြောင်း ပြည်နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရသည်။

            စံကွက်ရိတ်သိမ်းပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများတက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး ဒေသခံဆောင်းမြေပဲ စိုက်တောင်သူများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများစုပေါင်း၍ ဆောင်းသီးနှံ (မြေပဲ)စံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးရာ ကရင်ပြည်နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကရင်ပြည်နယ်၌ ဆီဖူလုံမှု ၇၃ ဒဿမ ၁၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် ၈၁ ဒဿမ ၂၀ ရာခိုင်နှုန်း ရရှိအောင်ကြိုးပမ်း​ဆောင်ရွက်လျှက်ရှိပြီး ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ရာနှုန်းပြည့်ဖူလုံ​အောင်​ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ​ဆောင်း​​မြေပဲလျာထား ၃၀၁၉၀ ဧက အနက် (၃၁၆၁၈)ဧက၊ ဆောင်းနှမ်လျာထား ၄၁၄၁၄ ဧကအနက် ၄၁၇၅၅ ဧက၊ ဆောင်း​နေကြာလျာထား ၂၂၇၈ ဧက အနက် ၂၄၈၀ ဧကစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကော့လှိုက်ကွင်းအတွင်း ဆောင်းသီးနှံ(မြေပဲ)စိုက်ပျိုး ဖြစ်ထွန်းနေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

            ထို့နောက် စံကွက်ရိတ်သိမ်းပြီး ထွက်ရှိလာသော မြေပဲများအား ဝန်ထမ်းများက ချိန်တွယ်တိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ရာ ဆောင်းမြေပဲ တစ်ဧကအထွက်နှုန်း ၁၂၄ ဒဿမ ၈၅ တင်း(အခြောက်)ထွက်ရှိသည့် အတွက် မြေပဲသီးနှံ၏တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းထက်ပိုမိုကျော်လွန်ထွက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ် က စံကွက်ရိတ်သိမ်းပွဲတွင် ပူးပေါင်းပါဝင်ရိတ်သိမ်းပေးကြသော မြေပဲစိုက်တောင်သူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် B.O.T စနစ်ဖြင့် အေးကိုမိသားစုဆောက်လုပ်ရေး ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော ကော့ကျိုက်-ကော့ပရံ-ဇာသပြင်(အဖြောင့်လမ်း) level seal လုပ်ငန်းဆောင် ရွက်ခြင်းအား ကြည့်ရှုစစ်ဆေးပြီး လမ်းစံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင် ရွက်ကြရန် မှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့ကျိုက်ကျေးရွာအုပ်စုရှိ တောင်သူစောသိန်းဝင်း ၏ ဒေသနွားမျိုးကောင်းမျိုးသန့်ရွှေနီ ၂၃ ကောင် မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ အခမဲ့ချီးမြှင့်သည့် အာဟာရဆားခဲနှင့်တိရစ္ဆာန်သုံးဆေးဝါးများကို ပေးအပ်ချီးမြှင့်သည်။

            ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့သို့ စားသုံးကုန်ပစ္စည်း များချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို နံနက် ၁၀ နာရီက ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်ရပြီး ၂၄ နာရီပတ်လုံးတာဝန်ရှိသည့်အားလျှော်စွာ အထက်မှပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရသည့်တပ်ဖွဲ့ ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များကို လိုက်နာ၍ စည်းလုံးညီညွတ်စွာနေထိုင်ပြီး အထက်အောက် အပြန်အလှန်လေးစားမှုဖြင့် ရည်မှန်းချက်တာဝန်များကို ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင် ကြစေလိုကြောင်း အမှာစကားပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ၊ အမှတ်(၁၀)မှုခင်းတပ် ဖွဲ့စု၊ အမှတ်(၃၁)မူးယစ်တပ်ဖွဲ့စု၊ အမှတ်(၁၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု၊ အမှတ် (၄)တပ်ဖွဲ့ခွဲသတင်းရဲတပ်ဖွဲ့တို့မှ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများအတွက် စုစုပေါင်းငွေကျပ် ၉၅၇၅၃၅ဝိ/ (ကိုးဆယ့်ငါးသိန်းခုနှစ်သောင်းငါးထောင်သုံးရာငါးဆယ်ကျပ်) တန်ဖိုးရှိ ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်များကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးအေးသိန်းထံ ချီးမြှင့်ပေးအပ်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၄)သတင်းရဲတပ်ဖွဲ့ခွဲမှ တစ်ဆင့်မြင့်ရာထူးရရှိသည့် ရဲမှူးတင်မိုး အား ရာထူးတံဆိပ်အား တပ်ဆင်ပေးပြီး ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက် ၍ အားပေးစကားများပြောကြားခဲ့ပါသည်။