ဘားအံ - မေ (၉)

            ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း မိုးစပါး ၄၂၈၆၉၈ (လေးသိန်းနှစ်သောင်းရှစ်ထောင်ခြောက်ရာ ကိုးဆယ်ရှစ်)ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိပြီး အထွက်နှုန်းတိုးတက်ရေးနှင့် မိုးစပါးလျာထားဧကပြည့်မီ ကျော်လွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်နှီးနွယ်ဌာနဆိုင်ရာများက မြေပြင်ကွင်းဆင်းစည်းရုံးဆောင်ရွက်လျက်ရှိရာ မေလ ၉ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ ဝါးဆူးကွင်း၌ မိုးစပါးစိုက်ပျိုးရန် မြေဆီလွှာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ကွင်းသရုပ်ပြသခဲ့ကြသည်။

            အဆိုပါကွင်းသရုပ်ပြပွဲသို့ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကဒီကံ၊ ဒိုင်းပြ၊ တခင်းလုံ၊ ဥဒေါင်း၊ အင်းနို့သိပ္ပံ၊ ကမော့ကချူး၊ သာယာကုန်း၊ ပတ်ကျော၊ ဒိုင်းပြ အစရှိသော ကျေးရွာ(၁၂)ရွာမှ မိုးစပါးစိုက်ပျိုးမည့်တောင်သူ(၁၅၀)ဦးကျော်တက်ရောက် ခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်နှင့်တာဝန်ရှိသူများက ပြည်နယ်အတွင်း မိုးစပါး မစိုက်ပျိုးမီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အစီအစဉ်များကို ရှင်းလင်းတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

            ထို့နောက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့် နွေထယ်ရေးခံထားသောဝါးဆူးကွင်း၌ သဘာဝ မြေဩဇာထည့်သွင်းခြင်း၊ ထုံးထည့်သွင်းခြင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကြဲပက်ထည့်သွင်းခြင်းတို့ကို ကွင်းသရုပ်ပြ ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တက်ရောက်လာကြသောတောင်သူများက လေ့လာကြည့်ရှုအားပေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာများ ကြဲပက်ထည့်သွင်းပေးခဲ့ကြ သည်။

            ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ ဓာတ်မြေဩဇာသုံးစွဲခြင်းကိုလျော့ချ၍ မိမိတို့ ပတ်ဝန်းကျင်တွင် အလွယ်တကူရရှိနိုင်သော ဖွဲပြာ၊ ဖွဲနု၊ နွားချေးတို့ကိုအသုံးပြုပြီး သဘာဝမြေဩဇာစူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲခြင်းကို လက်တွေ့ပြုလုပ်ပြသရာ တောင်သူများကကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက  ကျေးလက်ဒေသထွက် သဘာဝအမှိုက်များကို မြေဆွေးပုံပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီဩဇာကိုရေရှည်ကောင်း မွန်စေပြီး စပါးအထွက်နှုန်းတိုးတက်စေကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ဖြန့်ဖြူးပေးနေမှုနှင့် ကြဲပက် စိုက်ပျိုးအသုံးပြုခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး  အမှန်တကယ်ပြန်လည်ပြုလုပ်သုံးစွဲကြမည့် တောင်သူများအား  အီးအမ်ရည်များနှင့်ပိုက်ဆံလျှော်မျိုးစေ့တင်း(၅၀)ကို  အခမဲ့ဖြန့်ဝေပေးခဲ့သည်။

            ကရင်ပြည်နယ်အတွင်း မိုးစပါးကို မေလမှ အောက်တိုဘာလကုန်ထိ စိုက်ပျိုးလေ့ရှိကြပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် အထွက်နှုန်းတိုးတက်ရေးအတွက် နွေထယ်ရေးခံခြင်း၊ ထုံးထည့်ခြင်း၊ သဘာဝမြေဩဇာထည့်သွင်း ခြင်း၊ သစ်စိမ်းမြေဩဇာကြဲပက်ခြင်း၊ သဘာဝမြေဩဇာပြုလုပ်ပြသခြင်း၊ တောင်သူပညာပေးဆွေးနွေးပွဲများ၊ သင်တန်း များဖွင့်လှစ်ပို့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများလက်ဝယ်အရောက် စက်သုံးဆီ(ဒီဇယ်) တစ်ဧက တစ်ဂါလံနှုန်းဖြင့် ဆီဂါလံပေါင်း ၁၇၉၄ ဂါလံ ဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။