ဘားအံ - ဩဂုတ် (၂၉)

            ကျန်းမာရေးစောင့်ရှောက်မှုအနည်းငယ်သာရရှိသော ကျေးလက်တောရွာဒေသများတွင် ပဏာမကျန်းမာရေး လုပ်ငန်းများ၊ အခြေခံကျန်းမာရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွားသင်တန်း(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ဩဂုတ် လ ၂၉ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဒေသန္တရကျန်းမာရေးဌာန၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အရန်သားဖွားဆရာမများအနေဖြင့် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွား ခြင်း၊ မီးဖွားပြီးစောင့်ရှောက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစကလေးတို့၏အန္တရာယ်လက္ခဏာများ၊ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်လူနာလွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များကို သင်ကြားတတ်မြောက်ခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှုများ၊ လက်လှမ်းမမှီသောလွှမ်းခြုံမှုလိုအပ်နေသေးသော သားဖွားဆရာမနှင့်အလှမ်းဝေးသော ဒေသများတွင် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်လက်တွဲ၍ ပြည်သူလူထု အမိအဖများ၊ ဆွေမျိုးညီအစ်ကိုမောင်နှမ များကို လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေထိုင်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း တိုက် တွန်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းက သင်တန်းနည်းပြဆရာ၊ဆရာမများ အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အရန်သားဖွား Kit ပုံးများနှင့် အရန်သားဖွားဝတ်စုံများကို ပေးအပ်ချီးမြှင့်ကြရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

            ယနေ့သင်တန်းဆင်းပွဲတွင် ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်တို့မှ သင်တန်းသူ ၂၅ ဦးက စာတွေ့(၄)လ၊ လက်တွေ့(၂)လ၊ စုစုပေါင်း(၆)လအတွင်း အရန်သားဖွားဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သင်ကြား ပြီးမြောက်၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ သင်တန်းကာလအတွင်း စားစရိတ်နှင့်အထွေထွေ ကုန်ကျစရိတ် စုစုပေါင်းငွေကျပ် ၄၄၆၅၀၀၀ဝိ/-(လေးရာလေးဆယ့်ခြောက်သိန်းငါးသောင်းကျပ်)အပြင် လက်ဆောင် များ၊ ဝတ်စုံများကိုလည်း ချီးမြှင့်ပေးအပ်ခဲ့သည်။

            အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ် ပညာရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော  ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ဆုချီးမြှင့်ပွဲကို ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့နယ် ဒုံရင်းအခြေခံပညာနှင့်စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်ကျောင်း မဏိမေခလာခန်းမ၌ ကျင်းပသည်။

            အဆိုပါပွဲတော်ကို ဒုံရင်းအထက်တန်းကျောင်းနှင့်အခြေခံပညာကျောင်းပေါင်း(၂၁)ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ၊ဆရာ၊ဆရာမ(၁၅၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ဆုချီးမြှင့်ပွဲတွင် ဒုံရင်းအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(Khoot Quiz Game)ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်း ကောင်း၊သောက်ရေသန့်လှူဒါန်းပေးသောပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အားဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ စာပေဟောပြောပွဲတွင် ဆွေးနွေးဟောပြောပေးကြသော စာရေးဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း၊ အကဲဖြတ်အမှတ်ပေးဒိုင်များအား အမှတ်တရလက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကာ ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ ကျပန်းစကားပြော ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများက ပြန်လည်ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နောင်လုံအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ထိန်းသိမ်းစို့လေ စာပေအမွေ တေးသီချင်း၊ အုန်းတပင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက အောင်မြင်ပါစေမြန်မာပြည် သီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရရှိ ကြသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းနှီးနွေး ထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။