ဘားအံ - မတ် (၁၄)
ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော တပေါင်းလပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တပေါင်းပွဲတော်ရွှေကြာသင်္ကန်းများဆက်ကပ်လှူဒါန်းပွဲ၊ အာရုံ ဆွမ်း၊သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းပွဲ၊ ဗုဒ္ဓပူဇနိယပူဇော်ပွဲ၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဧည့်ပရိတ်သတ်များအားစတုဒိသာကျွေးမွေး ဧည့်ခံခြင်းတို့တွင် ကုသိုလ်ဒါနပြုကြသူများ၊ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
ဦးစွာ ဘားအံမြို့ကျက်သရေဆောင်ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အောင်ချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အရန်ဗုဒ္ဓရုပ်ပွားတော်(၃)ဆူတို့အား ရွှေကြာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲမဟာမင်္ဂလာအခမ်းအနားကို နံနက် ၅ နာရီက အဆိုပါစေတီတော်ပရိဝုဏ်ရှိ ဂန္ဓကုဋီတိုက် အတွင်း၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊အစိုးရအဖွဲ့ဝင်များ က အောင်ချမ်းသာမြတ်စွာဘုရားကြီးနှင့်အရန်ဗုဒ္ဓရုပ်ပွားတော်(၃)ဆူတို့အား ရွှေကြာသင်္ကန်းများဆက်ကပ်လှူဒါန်းကြ ပြီး သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းကြကာ ဩဝါဒါစရိယဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ဆက်လက်၍ နံနက် ၉ နာရီတွင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီး၏ ဩဝါဒဆရာတော်ကြီး များထံမှ ဩဝါဒခံယူပွဲနှင့်ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် မဟာမင်္ဂလာအခမ်းအနားကို တိုးချဲ့ရင်ပြင်တော်၌ ကျင်းပရာ မြို့နယ်ဩဝါဒါစရိယ အုန်းတပင်ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တအဂ္ဂဝံသထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီများထံမှဩဝါဒခံယူကာ ဆရာတော်ကြီးများ ရွတ်ဖတ်သရစ္ဇျယ်တော် မူသော မေတ္တာသုတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် စေတနာရှင်အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေ များဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဩဝါဒါစရိယအမိတာရာမရဲကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏလင်္ကာရထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ဝင်များက ဆရာတော်ကြီး များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၏ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မွန်းလွဲ ၃ နာရီက အဆိုပါစေတီ တော်တည်နေရာ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ ဗုဒ္ဓဘာသာနွယ် ဝင် စေတနာရှင်ပြည်သူများက ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများအမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းမှ ရဟန်း၊ သာမဏေ ၁၈၁၅ ပါး၊ သီလရှင်ကျောင်း ၁၂ ကျောင်းမှ သီလရှင် ၅၆၈ ပါး စုစုပေါင်း ရဟန်း၊သာမဏေ၊ သီလရှင် ၂၃၈၃ ပါးတို့အား ဆွမ်းဆန်တော်၊ ခေါက်ဆွဲခြောက်၊ တိုင်းရင်းဆေးအမျိုးမျိုးနှင့်လူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြသည်။
ဆက်လက်၍ စတုဒိသာလှူဒါန်းပွဲကို မွန်းလွဲ ၅ နာရီခန့်က ဘားအံမြို့မဘောလုံးကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စတုဒိသာမဏ္ဍပ် ၄၉ ခုဖြင့် မြန်မာမုန့်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ စားဖွယ်အမျိုးမျိုးတို့ဖြင့် စတုဒိသာတည်းခင်ဧည့်ခံမှု၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များနှင့် ပတ်ဝန်းကျင် ဒေသများမှ စတုဒိသာလာရောက်သုံးဆောင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ချိန်တည်းတွင် ဝန်ကြီးဌာန အလိုက် မီးပုံးပျံလွှတ်တင်မှုအား ကြည့်ရှုအားပေးခဲ့ကြကာ တည်ခင်းဧည့်ခံသော အစားအသောက်များကို သုံးဆောင်၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်စတုဒိသာလှူဒါန်းပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။