ဘားအံ - နိုဝင်ဘာ (၁၈)
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် United Nation Children’s Fund-UNICEF မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Yasumasa Kimura နှင့်အဖွဲ့အား နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် Mr.Yasumasa Kimura တို့သည် ဒေသတွင်း ကလေးသူငယ်များနှင့် ၎င်းတို့၏မိသားစုဝင်များအပေါ် ကူညီစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ နေရပ်စွန့်ခွာပြည်သူများ၏အရေး ဆိုင်ရာများနှင့်အကူအညီပေးနိုင်ရေးကိစ္စရပ်များ၊ သဘာဝဘေးကြုံတွေ့ရသည့်အခါ အရေးပေါ်တုန့်ပြန်ကူညီဆောင်ရွက် ပေးနိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အဓိကထားဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေး တင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၅/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ကိုကျင်းပနိုင်ရေး ပြင်ဆင်ဆောင် ရွက်လျက်ရှိသည့်အတွက် သက်ဆိုင်ရာဌာနများက လိုအပ်သလိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သည်။
ထို့နောက် ရာနှုန်းပြည့်မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဖြင့် ဘားအံစက်မှုဇုန်တွင် အဆင့်မြင့်စားအုန်းဆီသန့်စင် ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော Shwe Ngar Thone Kaung Co.,Ltd က မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကို ဆွေးနွေးခဲ့ကြပြီး ဟိုတယ်တည် ဆောက်လုပ်ကိုင်ခြင်းလုပ်ငန်းဆောင်ရွက်နေသော Hotel Conqueror Co.,ltd အားကွင်းဆင်းစစ်ဆေးခဲ့မှုနှင့် မော်တော် ဆိုင်ကယ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသော Myanmar Car & MotorcycleBusiness Co.,ltd အား ကွင်းဆင်းစစ်ဆေးနိုင်ရေး ဆွေးနွေးခဲ့ကြကာ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၅ ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အတွင်းဆောင်ရွက်နေသောရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လျာထားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်နယ်အတွင်းတိုးတက်ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။















