ဘားအံ - ဇန်နဝါရီ (၂၉)
၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် စုပေါင်းကန်တော့ခြင်း နှင့် နှစ်သစ်ကူးမင်္ဂလာ အခမ်း အနားကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘားအံကျန့်တိတ်ဗုဒ္ဓဘာသာ ဘုရားကျောင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ဦးစွာ နှစ်သစ်ကူးမင်္ဂလာအခမ်းအနားသို့တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား ဘုံကျောင်းတာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး တရုတ်ရိုးရာနှစ်သစ်ကူးပုဝါများဖြင့် ဂါရဝပြုကြကာ ဘားအံကျန့်တိတ်ဗုဒ္ဓဘာသာဘုံကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်၊ မိုးနတ်မင်း၊ ကျန်းမာရေးနတ်မင်း၊ ကျန့်တိတ်ကျောင်းထိုင် နတ်မင်း၊ ကွမ်းကုန်းနတ်မင်း၊ ကွမ်ယင်မယ်တော်၊ အန်းကုန်း၊ ကွမ်ကုန်းနတ်မင်း၊ ကျိကုန်းနတ်မင်းအစရှိသော နတ်မင်းအပေါင်းတို့အား နှစ်သစ်မင်္ဂလာစုပေါင်းကန်တော့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံကျန့်တိတ်ဘုံကျောင်း မင်္ဂလာနဂါးခိုင်းကွမ်း မင်္ဂလာပြုလုပ်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြပြီး တရုတ်ရိုးရာနဂါးအကအလှနှင့်ရွှေခြင်္သေ့အကအလှတို့ဖြင့် စွမ်းရည် ပြသဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နှစ်သစ်ကူးအံပေါင်းများ ပေးအပ်ချီးမြှင့်ကြ သည်။
ယင်နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျန့်တိတ်ဘုံကျောင်းအတွက် ငွေကျပ်(၁၀)သိန်းနှင့် နှစ်သစ်ကူးအထိမ်းအမှတ်လက်ဆောင်များအား ဘုံကျောင်းတာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ရာ ဘုံကျောင်းတာဝန် ရှိသူများက နှစ်သစ်ကူးအထိမ်းအမှတ်လက်ဆောင်များ အပြန်အလှန်ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ များ ရိုက်ကူးခဲ့ကြသည်။
တရုတ်မြွေနှစ်သည် ဉာဏ်ပညာ၊ မဟာဗျူဟာပြောင်းလဲခြင်း၊ အသစ်တဖန်ပြန်လည်ဖွဲ့စည်းခြင်း၊ တိုးတက် ကြီးပွားခြင်း၊ ထိုးထွင်းသိမြင်ခြင်း အဓိပ္ပါယ်ဟုယူဆကြပြီး ဘားအံကျန့်တိတ်ဗုဒ္ဓဘာသာဘုရားကျောင်း နှစ်သစ်ကူး အထိမ်းအမှတ် စုပေါင်းကန်တော့ခြင်းနှင့်နှစ်သစ်ကူးမင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ဘုံကျောင်းတာဝန်ရှိသူများ၊ တရုတ်နွယ်ဖွားမြန်မာ နိုင်ငံသားများတက်ရောက်ခဲ့ကြပြီး တရုတ်မြွေနှစ် နှစ်သစ်ကူးအထိမ်းအမှတ် စုပေါင်းကန်တော့ခြင်းနှင့် နှစ်သစ်ကူး မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။