ဘားအံ - ဖေဖော်ဝါရီ (၂၈)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်အိမ်ထောင်စုများအတွက် စားသုံးကုန်ပစ္စည်းများချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ မြိုင်ကလေးကျေးရွာရှိ အဆိုပါရဲတပ်ရင်း ခန်းမ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် စိတ်ရော ကိုယ်ပါကျန်းမာကြံ့ခိုင်ရန်လိုပြီး အမြဲတမ်းလေ့ကျင့်နေရန်လိုကြောင်း၊ တာဝန်များထမ်းဆောင်ရာတွင်ပေါ့ပေါ့ဆဆ မနေဘဲ စစ်ရေးသတိအမြဲရှိဖို့လိုပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလုပ်ကိုင်၍ ခြိုးခြံချွေတာကာ စည်းလုံးညီညွတ်စွာနေထိုင်ပြီး အထက်အောက်အပြန်အလှန်လေးစားမှုဖြင့် ရည်မှန်းချက်တာဝန်များကို ပြီးမြောက် အောင်မြင်အောင်ထမ်းဆောင်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ တပ်ဖွဲ့ဝင် အိမ်ထောင်စုများအတွက် ငွေကျပ် ၂၇၃၅၆၀ဝိ/-(နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်းငါးထောင်ခြောက်ရာကျပ်)တန်ဖိုးရှိ ဆန်၊ ဆီ၊ ခြောက်ဆွဲခြောက် အစရှိသော စားသုံးကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်ပြီး တပ်ဖွဲ့ဝင်၊ မိသားစု၊ အိမ်ထောင်စုများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ တပ်ဖွဲ့ခွဲ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဘားအံ-ရန်ကုန်ကားလမ်းမှ အမှတ်(၂)ဘိလပ်မြေစက်ရုံ(တန်-၄၀၀၀)-ဇရပ်ဖြူ-နတ်ကုန်းကျေးရွာချင်းဆက်လမ်း အကျယ် ၇ ဒဿမ ၃၁ မီတာ မြေသားလမ်းဖောက်လုပ်ခြင်း ၂ ဒဿမ ၆၁၅ ကီလိုမီတာ၊ အဆိုပါလမ်းပေါ်ရှိ ၁၈ ဒဿမ ၅ မီတာ ကွန်ကရစ်တံတားတစ်စင်းနှင့် Box Culvert (၄)စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးစောကျော်ဝင်းနှင့်တာဝန်ရှိသူများက လမ်းလုပ်ငန်း ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းလုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။