ဘားအံ - ဖေဖော်ဝါရီ (၂၂)

            ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့အင်္ဂါရပ်များနှင့်အညီ Green City, Clean City ဖြစ်စေရေးအတွက် အပတ်စဉ်စနေနေ့များတွင် ဌာနဆိုင်ရာဝန်ထမ်း များနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့အဝင်သံလွင်တံတားမှ ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

             ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများသည် ဘားအံမြို့အဝင် သံလွင်တံတားချည်းကပ်လမ်းထိပ်မှ ကမ်းနားလမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်းအား ၁၁၅၅ ဦးခန့် ပူးပေါင်း၍ ပလက်စတစ်နှင့်စွန့်ပစ်အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများ၏အကိုင်းအခက်များအား ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေးရှင်းလင်း ခြင်း၊ မီးသတ်ကားဖြင့် ရေဆေးကြောသန့်စင်ခြင်းများကို အမှိုက်သိမ်းယာဉ်များ၊ မြက်ဖြတ်စက်များစသည်ဖြင့် ယာဉ်ယန္တရားများအသုံးပြု၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို နံနက် (၉)နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များတက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မောင်တို့မယ်တို့သည် ဘွဲ့ကြိုသင်တန်းများတွင် ဘာသာရပ်နှင့်ပတ်သက်သည့် အခြေခံကောင်းများကို လေ့လာသင်ယူခဲ့ကြပြီးဖြစ်၍ မိမိတို့နှင့်သက်ဆိုင်သည့် ဝိဇ္ဇာ၊သိပ္ပံဘွဲ့များကို ဘားအံတက္ကသိုလ် ပညာရေးအဖွဲ့က အပ်နှင်းချီးမြှင့်ပေးမည်ဖြစ်သကဲ့သို့ ဘွဲ့လွန်သင်တန်းများတွင်လည်း သုတေသနပြုနိုင်သည့်အဆင့် ထိ အရည်အသွေးများရရှိအောင် ပြုစုပျိုးထောင်ပေးပြီးဖြစ်၍ သက်ဆိုင်ရာမဟာဘွဲ့များကို ချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ကြောင်း၊ သင်ယူခဲ့ရသည့်အခြေခံစွမ်းရည်များနှင့်အတတ်ပညာများကိုအခြေခံပြီး ပိုမိုတိုးတက်အောင်ထပ်မံ လေ့လာဖို့လိုပြီး သင်ကြားခဲ့သည့်အထူးပြုဘာသာရပ်များကို နိုင်ငံတော်နှင့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြစ်သည့် လက်တွေ့နယ်ပယ်များတွင် အသုံးချနိုင်အောင်၊ နိုင်ငံတော်မှအားကိုးအားထားပြုနိုင်သည့် ပညာရှင်များဖြစ် အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် (၁၇)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်း အနားသို့ တက်ရောက်လာသော ဘွဲရမောင်မယ်များနှင့် ၎င်းတို့၏မိဘဆွေမျိုးများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြသည်။

            ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့်တကွ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင် ပုဂ္ဂိုလ်များသည် ဘွဲအပ်နှင်းမည့်စင်မြင့်ထက်တွင် နေရာယူကြပြီး လိုအပ်သည့်ကတိခံ ဝန်ချက်များရယူကာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်က မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့ရရှိသူ(၂၅)ဦး၊ ဝိဇ္ဇာ/သိပ္ပံ(ဂုဏ်ထူးဘွဲ့) ၃၅ ဦး၊ ဝိဇ္ဇာဘွဲ့ ၁၉၃ ဦး၊ သိပ္ပံဘွဲ့ ၂၂၅ ဦး စုစုပေါင်း (၄၇၈)ဦးကို သက်ဆိုင်ရာဘွဲ့များအပ်နှင်းပေးအပ်ကာ  ဘားအံတက္ကသိုလ် ပါမောက္ခချုပ်က အပ်နှင်းပြီးဖြစ်သော ဘွဲ့ရ ပုဂ္ဂိုလ်များစာရင်းကိုလက်မှတ်ရေးထိုး၍ ဘွဲ့နှင်းသဘင်အခမ်းအနား ဆိုင်ရာမိန့်ခွန်းကိုပြောကြားခဲ့ပါသည်။