ဘားအံ - ဇူလိုင် (၁၁)

            ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တည်ထောင်ခြင်း(၂၂)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

            သုတေသနစာတမ်းဖတ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သုတေသနအခြေပြုသင်ကြား၊ သင်ယူမှုပုံစံကို တက္ကသိုလ်များတွင် စီစဉ်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတိုးတက်ကြီးပွားရေးအတွက် များစွာသော အထောက်အပံ့ကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း၊တက္ကသိုလ်တွင်ပြုလုပ်သည့်သုတေသနလုပ်ငန်းများကို ဒေသတွင်း ရှိ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပြီး ဒေသလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလိုအပ်ချက်ကို တက္ကသိုလ်များက ဖြည့်ဆည်းပေးနိုင်မည်ဖြစ်၍ ဒေသတိုးတက်ရေးအတွက် အလားအလာကောင်းများရရှိနိုင်မည်ဖြစ် ကြောင်း၊ လူမှုအသိုက်အဝန်း၏ လိုအပ်ချက်၊ ဒေသ၏ လိုအပ်ချက်၊ နိုင်ငံတော်အတွက် အရေးကြီးလိုအပ်ချက်များကို အထောက်အကူပြုမည့် သုတေသနများကို ဦးစားပေးဆောင်ရွက်ရန်သာမက နိုင်ငံတကာအဆင့်အတန်းမီသုတေသန လုပ်ငန်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက သုတေသနစာတမ်းဖတ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သုတေသနစာတမ်းဖတ်ပွဲကျင်းပရေးကော်မတီတွဲဖက်အတွင်းရေးမှူး ပါမောက္ခဌာနမှူး ဒေါက်တာ လဲ့လဲ့ဝင်းက(ဝိဇ္ဇာဘာသာရပ်)ဖတ်ကြားမည့်စာတမ်းခေါင်းစဉ်များကိုလည်းကောင်း၊ သုတေသနစာတမ်းဖတ်ပွဲကျင်းပ ရေးကော်မတီတွဲဖက်အတွင်းရေးမှူး ပါမောက္ခဌာနမှူးဒေါက်တာမျိုးမျိုးဆွေက (သိပ္ပံဘာသာရပ်) ဖတ်ကြားမည့် စာတမ်းခေါင်းစဉ်များကိုလည်းကောင်း ဖတ်ကြားတင်ပြကြသည်။

            ယင်းနောက် ဘားအံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက ဘက်စုံပညာကိုရည်တို့လှမ်းချီ တေးသီချင်း ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စာတမ်းဖတ် ကြားကြမည့်သူများနှင့်စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသော ဘာသာရပ်ပေါင်းစုံမှကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            ယနေ့စာတမ်းဖတ်ပွဲတွင် ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊  တွဲဘက်ပါမောက္ခ၊ ကထိက၊ နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမများက ဘားအံတက္ကသိုလ် ပင်မဆောင် ငုရွှေဝါခန်းမနှင့် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတို့တွင် နှစ်နေရာခွဲ၍ သိပ္ပံဘာသာရပ် စာတမ်း(၁၄)စောင်၊ ဝိဇ္ဇာဘာသာရပ်စာတမ်း(၁၈)စောင် စုစုပေါင်းစာတမ်း(၃၂)စောင် တို့ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။