ဘားအံ - ဇူလိုင် (၁၁)

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) (၇/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်း ကျောင်းတွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူ များ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသားများအနေဖြင့် သင်တန်း ကျောင်းမှ သင်ကြားပေးသောစစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့် ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကောင်းသည့် စစ်သည်ကောင်းတစ်ယောက်ဖြစ်လာရန် ကြိုးစားလိုက်နာလေ့ကျင့်ကြစေလိုကာ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) (၇/၂၀၂၅) သို့ တက်ရောက် ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) (၇/၂၀၂၅) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရပါသည်။