ဘားအံ - ဇန်နဝါရီ (၁၀)
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ လိုအပ်သည့်အခြေခံအဆောက်အဦများကို တည်ဆောက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉၈၀ ဒဿမ ၅ သန်းဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာန လှာကမြင်အားကစားကွင်း ဇွဲကပင်အားကစားရုံ (၂၀၀ ပေ x ၁၃၀ ပေ) အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း၊ ကရင် ပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ ပွဲတော်များ၊ သံဃအစည်းအဝေးများစသည့်သာသနာရေးဆိုင်ရာ ကိစ္စရပ်များ ကျင်းပဆောင်ရွက်ရာတွင် ပြည့်စုံလုံလောက်သည့် အဆောက်အဦလိုအပ်ချက်ကြောင့် ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဆုံးမလမ်းညွှန်မှုဖြင့် ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက် ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးတည်ဆောက်ရေးလုပ်ငန်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၄၁၆ ဒဿမ ၂၉၀ သန်းဖြင့် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အကွက်အမှတ် (၉၀၅)တွင် (၅)ခန်းတွဲ(၅)ထပ် ပြည်သူ့အငှါးအိမ်ရာ တည်ဆောက်ရေးလုပ်ငန်း၊ ဘားအံမြို့၊အမှတ်(၉)ရပ်ကွက်ရှိ အမှတ် (၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၄၀၈ ဒဿမ ၃၆၈ သန်းဖြင့် ၁၀၀ပေ x ၃၀ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၆၅၆ ဒဿမ ၆၇ သန်းဖြင့် ၁၁၀ပေ x ၃၀ပေ RCC နှစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင်တို့အားကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများ နှင့် တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။















