ဘားအံ - နိုဝင်ဘာ (၂၇)

ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ပြည်သူတို့၏အသက်နှင့်လူမှုစီးပွားထိခိုက် ဆုံးရှုံးမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့်ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်း ကျဆင်းစေရန်၊ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရန် နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကရင်ပြည်နယ် ယဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

            ဦးစွာ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးက မိမိတို့ဒေသ၌ မော်တော်ဆိုင်ကယ်တွင် ဒေသလုပ်ဘေးတွဲများချိတ်ဆွဲ၍လူနှင့်ကုန်ပစ္စည်းပို့ဆောင်ရေး အတွက် အသုံးပြုနေကြသည်ကိုမြင်တွေ့ရပြီး အသုံးပြုစီးနင်းသူများဆိုးကျိုးနှင့်အသက်အန္တရာယ်ဖြစ်စေနိုင်သည့် အတွက် တရားမဝင်အသုံးပြုနေမှုအား ပညာပေးရေးနှင့်စစ်ဆေးအရေးယူမှုများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်(၃/၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးအောင်ဇေဝင်းက ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ စိစစ်အကဲဖြတ်လုပ်ငန်းစဉ်(Road Safety Audit) ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကာ တွဲဖက်အတွင်းရေးမှူး အမှတ်(၁၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဟန်မွှေးက ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောယာဉ်မတော်တဆမှုများ၊ ယာဉ်မတော်တဆမှုကာလတူ(၃)နှစ်နှိုင်း ယှဉ်ချက်၊ မတော်တဆမှုနှင့်ဒဏ်ရာရသေဆုံးမှုလျော့နည်းကျဆင်းလာမှု၊ စည်းကမ်းပျက်ယာဉ်များနှင့်လိုင်စင်မဲ့ ယာဉ် များဖမ်းဆီးအရေးယူမှု၊ အသိပညာပေးဟောပြောဆွေးနွေးနိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး များ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သူတေသနပြုရေးနှင့်ကျန်းမာ ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက်(၂၀၂၀-၂၀၃၀)ပါ ကဏ္ဍကြီး(၈)ရပ်နှင့်လုပ်ငန်းစဉ်(၁၀၈)ရပ်အား ပိုမို အရှိန်မြင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြကြသည်။

            ထို့နောက် ကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက သက်ဆိုင်ရာကဏ္ဍများအလိုက် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြရာ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။