ဘားအံ - ဇွန် (၃)
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး လျာထားဧက ပြည့်မီကျော်လွန်ရေးနှင့်တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်ချက်ပြည့်မီကျော်လွန်ရေး တောင်သူစည်းရုံးပညာပေး လုပ်ငန်းများ၊မြေယာထွန်ယက်ပြုပြင်ပျိုးထောင်စိုက်ပျိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄၊ ထောင်ဝိကွင်း၌ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံ)မှ ထွန်စက်ကြီး(၃)စီး ဖြင့် မြေယာထွန်ယက်ပြုပြင်ခြင်းနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ သဘာဝအီးအမ်စူပါ ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းတို့ကို တရုတ်လှ၊ ရဲသာ(ကမော့ကစင်)၊ ထောင်ဝိ၊ ကော့ကျိုက် ကျေးရွာများမှ တောင်သူများနှင့်အတူကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး နော်သူးလေ ထီး က စူပါဘိုကာရှီပြုလုပ်သုံးစွဲခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများကိုယ်တိုင်ပြန်လည်ပြုလုပ်သုံးစွဲကြရန်တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာမှ မွေးမြူရေး တောင်သူဦးမောင်ကြီး၏ ဒေသနွားရွှေနီမျိုး ၁၅ ကောင် မွေးမြူရေးခြံသို့သွားရောက်ကြည့်ရှုအားပေးပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူနိုင်ရေးတိုက်တွန်းပြောကြားကာ အာဟာရဆာခဲများကို အခမဲ့ ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ ကွင်းအမှတ် ၁၂၀၇-က၊ ထန်းတပင်ကွင်းနှင့် ကွင်းအမှတ်- ၁၂၀၇-ခ၊ ဝါဆူးကွင်းတို့တွင် တောင်သူများ မြေယာပြုပြင်ထွန်ယက် စိုက်ပျိုးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး မြေလွတ်၊မြေလပ်မကျန် သီးထပ်၊သီးညှပ်များဖြင့် စိုက်ပျိုး လုပ်ကိုင်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်လူငယ်ရေးရာစင်တာ(Youth Center) (၁၄၀ပေx၈၀ပေ)RC သုံးထပ်အဆောက်အဦတည်ဆောက်ပြီးစီးမှုနှင့် အဆိုပါ Youth Center အတွင်း စာသင်ဆောင်၊ အိပ်ဆောင်၊ ဂီတ၊ အနုပညာ၊ အိမ်တွင်းမှု၊ ပန်းချီ၊ ကွန်ပျူတာ၊ စာကြည့်တိုက်၊ ဘုရားခန်း၊ နားနေခန်း၊ ရုံးခန်း၊ အစည်းအဝေးခန်းမ၊ အားကစာခန်းမများ ပြင်ဆင်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်အနီး စိန်ပန်းပြာလမ်းနှင့် စိန်ပန်းနီလမ်းထောင့်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ) RC(၆)ထပ် အဆောက်အဦ၏ ဆက်စပ်လုပ်ငန်းဖြစ်သော ၂ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာနှစ်လုံးတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက် ကြည့်ရှုစစ်ဆေးရာ အဆောက်အဦအထူးအဖွဲ့(၁၃)ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သူက တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုး ပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။